ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါး အစာငတ်ခံဆန္ဒပြ

0
943

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦး အစာငတ်ခံဆန္ဒပြနေကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်ရိုက်နှက်ပြီး အကျဉ်းထောင်တိုက်ထဲ ပို့ဆောင် ခဲ့သည်ကို မကျေနပ်ရာမှ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးတို့က ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီကစပြီး အစာငတ်ခံဆန္ဒပြကြောင်း PPNM က ထုတ်ပြန်ထားသည်။

အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံထောက်ခံသည့်အနေဖြင့် နိုင်ငံရေး အကျဉ်းသား ၁၆၄ ဦး တို့ကလည်း အကျဉ်းထောင်က ပေးသည့် အစားအသောက်များကို စားသောက်သုံးစွဲခြင်း မပြုဘဲ ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

အစာငတ်ခံသည့်ရက် အနည်းငယ်ကြာမြင့်လာသဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ အလွန် စိုးရိမ်နေရသည်ဟု ထောင်ဝန်ထမ်းကလည်း အတည်ပြုချက်ပေးထားကြောင်း PPNM က ထုတ်ပြန်သည်။

အကျဉ်းသားများ လက်ကိုင်ဖုန်းသုံးစွဲသည့်အကြောင်းပြချက်ဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့က စစ်တပ်နှင့် ရဲတပ်ဖွဲ့ တို့က အကျဉ်းထောင်တွင်း ဝင်ရောက်ရှာဖွေခဲ့ပြီး လက်ကိုင်ဖုန်း ၂ လုံးတွေ့သည်ဟုဆိုပြီး အကျဉ်းသားများကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၄ရက်နေ့ ည ၇နာရီခွဲအချိန် အကျဉ်းထောင်ပိတ်ချိန်အတွင်း နိုင်ငံရေး အကျဉ်းသား နှစ်ဦးကို အကြောင်းပြချက်မရှိဘဲခေါ်ဆောင်ရိုက်နှက်ပြီး အကျဉ်းထောင်တိုက်ထဲသို့ ပို့ဆောင်ခဲ့ကြောင်းလည်း ဖော်ပြသည်။

အကျဉ်းထောင်တိုက်ထဲ ပို့ဆောင်ထားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို နေ့စဉ်ကျန်းမာရေးစစ်ဆေးပေးပြီး အကျဉ်းတိုက် မဟုတ်သော အခြားသင့်တော်သော နေရာသို့ အမြန်ပြောင်းရွှေ့ပေးရန်၊ စစ်ဆေးပြီးသည်နှင့် မူလအဆောင် သို့ အမြန်ဆုံး ပို့ဆောင်ပေးရန်၊ အကျဉ်းသူ၊ အကျဉ်းသားများကို ခေါ်ယူမေးမြန်းမှု လိုပါက ထောင်ဖွင့်ချိန် တွင်သာ ပြုလုပ်ပေးရန် အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားတို့က တောင်းဆိုကြကြောင်း PPNM ထံမှ သိရသည်။

ယင်းအပြင် အကျဉ်းသူ၊ အကျဉ်းသားများကို တရားလက်လွန်ဆောင်ရွက်ခြင်းမပြုရန်၊
လူ့အခွင့်အရေးနှင့် အညီ ဆောင်ရွက်ရန်လည်း နိုင်ငံရေးအကျဉ်းသားတို့က တောင်းဆိုထားသည်။

ကျိုက်မရောအကျဉ်းထောင်တွင် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောင်မှု မရရှိသည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။