ကော့သောင်းမှ ရနောင်းသို့ ရှပ် (ဂုံးချော)များ သယ်လာသော မြန်မာငါးဖမ်းသမား သုံးဦး ဖမ်းဆီးခံရ

0
577

ကော့သောင်းမြို့ဘက်မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်သို့ စက်လှေဖြင့် ရှပ် (ဂုံးချော) များ တရားမဝင် သယ်ဆောင် လာသော မြန်မာငါးဖမ်းသမားသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းခြေမြန်တပ်ရင်း အမှတ် (၂၅) က ထုတ်ပြန်ထားသည်။

ထိုင်းခြေမြန်တပ်ရင်းနှင့် ရေကြောင်းထိန်းသိမ်းရေးတပ်များ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကင်းလှည့်နေစဉ် ထိုင်း ရေပိုင်နက် ထဲသို့ တရားမဝင် ဝင်လာသော ငါးဖမ်းလှေကို စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ လှေသမား ကိုကျော်မျိုးထွေးနှင့် နောက်လိုက်များဖြစ်သော ကိုဇော်သိန်းနှင့် ကိုမျိုးအောင်တို့ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စက်လှေပေါ်တွင် ဆာလာအိတ်များဖြင့် ထည့်ထားသော အလေးချိန် ၅၈၄၀ ကီလိုဂရမ်ရှိ ရှပ်များကိုလည်း တွေ့ရှိရပြီး ပင်လယ်စာသယ်ပို့မှုနှင့် ပက်သက်၍ တရားဝင် အထောက်အထားများကိုလည်း မတွေ့ရှိရကြောင်း‌ ဆိုသည်။

ဖမ်းဆီးခံရသော မြန်မာငါးဖမ်းသမားများကို တရားမဝင် ငါးဖမ်းဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုထားပြီး ပစ္စည်းများကို သိမ်းဆည်းကာ ပါ့နမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သော ရနောင်း-ကော့သောင်းနယ်စပ်တွင် တရားမဝင် သစ်တင်ပို့မှု၊ ရော်ဘာတင်ပို့မှုနှင့် ဆိုင်ကယ်များ တင်ပို့မှု စသည်တို့ ရှိနေသည်ကို ထိုင်းသတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။