ရာမညတပ်ခေါင်းဆောင်နှင့်အဖွဲ့ မွန်ပြည်သစ်ပါတီထံပူပေါင်း

0
949

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် လှုပ်ရှားနေသည့် ရာမညတပ်ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၉ ဦးတို့က လက်နက်ခဲယမ်းများနှင့်အတူ မွန်ပြည်သစ်ပါတီထံ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

နိုင်ဗညားဦးဆောင်သည့် ရာမညတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ရေဖြူမြို့နယ်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း ရာမညတပ်ဘက်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် သေနတ် ၂ လက်လည်း သိမ်းဆည်းခံခဲ့ရသည်။

ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် ရာမညတပ်ခေါင်းဆောင် နိုင်ဗညားနှင့် အဖွဲ့ဝင် ၉ ဦးတို့က လက်နက်ခဲယမ်းများနှင့်အတူ မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းထံ လာရောက်ပူးပေါင်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီသတင်းစဉ်က ထုတ်ပြန်ထားသည်။

“ရေဖြူဘက်က တိုက်ပွဲဖြစ်ပြီးတော့ ရာမညတပ်ဘက်က ၂ ဦး ကျသွားတယ်။ သေနတ်တွေလည်း ပါသွားတယ်။ တစ်ဦးက ဒဏ်ရာရသွားတယ်။ အဲလိုဖြစ်ပြီးတော့ အကျပ်ရိုက်သွားတာဖြစ်မယ်။ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ကို ဆက်သွယ်ပြီးတော့ လာပူးပေါင်းသွားတယ်” ဟု မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရာမညတပ်ခေါင်းဆောင် နိုင်ဗညားနှင့် တပ်ဖွဲ့ဝင် ၉ ဦးတို့သည် သေနတ် ၇ လက်၊ ကျည်ဆန်၊ ကျည်ဘောက်များနှင့်အတူ မွန်ပြည်သစ်ပါတီထံ လာရောက်ပူးပေါင်းခဲ့ပြီး လက်ရှိတွင် ၎င်းတို့ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု မွန်ပြည်သစ်သတင်းစဉ်က ဆိုထားသည်။

မွန်ပြည်သစ်ပါတီနှင့် ပူးပေါင်းခဲ့သည့် အခြေအနေကို သိရှိနိုင်ရန် ရာမညတပ်ကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးသဖြင့် မေးမြန်းနိုင်ခြင်းမရှိပေ။

ရာမညတပ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မွန်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ချမ်းက ဦးဆောင်ခဲ့သည်။

ရာမညတပ်သည် အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန်အတွက် အခြားသော မွန်တော်လှန်ရေးအဖွဲ့အစည်းတို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လာခဲ့သည်။

ရာမညတပ်ခေါင်းဆောင် နိုင်ချမ်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အလယ်စခန်းနှင့် သဲချောင်းကြားကျေးရွာကြားတွင် အမည်မသိ လက်နက်ကိုင်တို့၏ လုပ်ကြံမှုဖြင့် သေဆုံးသွားခဲ့သည်။

နိုင်ချမ်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ရာမညတပ်ကို နိုင်ဗညားက ဆက်လက်ဦးဆောင်ခဲ့ပြီး ရေးမြို့နယ်နှင့် တနင်္သာရီတိုင်နယ်စပ်တလျှောက်တွင် ဆက်လက်လှုပ်ရှားလာခဲ့သည်။

ရာမညတပ်လှုပ်ရှားသွားလာနေသည် နယ်မြေတွင် မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့လည်း လှုပ်ရှားသွားလာနေသည်ဟု သိရသည်။