ထားဝယ်မြို့က အကြမ်းမဖက်လူထုသပိတ် ၃ နှစ်ခရီးလည်ပြန် (၃)

0
519

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လူထုသပိတ်ကို အာဏာသိမ်းပြီး ၄ ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့၌ စတင်ခဲ့သည်။

လူငယ်ဆယ်ဂဏန်းဖြင့် စတင်ခဲ့သည့် ထားဝယ်သပိတ်လှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး လူထုသပိတ်များထဲတွင် အစောဆုံးသပိတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

အင်အား ဆယ်ဂဏန်းဖြင့်စတင်ခဲ့ရာမှ ရက်ပိုင်းအကြာတွင် ရာထောင်ချီအထိ များပြားလာပြီး ဖေဖော်ဝါရီ တတိယအပတ်တွင် ဆန္ဒပြသူ သိန်းချီအထိများသွားပြီး လူပင်လယ်ကြီးဖြစ်သွားခဲ့သည်။

အားကောင်းလာသည့် ဆန္ဒပြစစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီက စတင်အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ယင်းကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့သည့် လူငယ်အချို့၏ တော်လှန်ရေးအချိုးအကွေ့များအကြောင်း သိရှိနိုင်ရန် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“အာဏာရှင်စနစ်ကို ကျွန်တော်တို့ လက်မခံသရွေ့ကတော့ ကျွန်တော်တို့ အာဏာရှင်စနစ်အောက် မရောက်သေးဘူး”

ကိုမင်းလွင်ဦး

ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ၊ လူထုစည်းရုံးရေး ဆပ်ကော်မတီတာဝန်ခံ (ထားဝယ်ခရိုင်သပိတ် ဦးဆောင်သူတစ်ဦး)

DW ။ ပထမဆုံး လမ်းပေါ်တက် ဆန္ဒပြဖြစ်လာရတဲ့အကြောင်း အတိုချုပ်လေးပြောပြပေးပါလား။

ဖြေ ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းလိုက်တယ်ပေါ့။ စစ်အာဏာသိမ်းလိုက်ချိန်မှာ ကျွန်တော်တို့အပါအဝင်ပြည်သူလူထုစိတ်ထဲမှာက စစ်အာဏာရှင်ကို ဆန့်ကျင်ရမယ်ဆိုတဲ့ စိတ်က ရှိထားပြီးသားဖြစ်တယ်။ ကျွန်တော်တို့ ထားဝယ်မှာလည်း ပထမ‌ဆုံး လှုပ်ရှားတာကတော့ (ဖေဖော်ဝါရီလ) ၂ ရက်နေ့ပေါ့။ အဲဒီနေ့မှာ ရဲဘော်တစ်စုကနေပြီး ( ထားဝယ်မြို့ပေါ်ရှိ) အမှတ် ၃ ကျောင်းမှာ ကျောင်းသားများ သမဂ္ဂအလံထူပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့အတွက် စပြီးခြေလှမ်းလှမ်းတာပေါ့။ ၅ ရက်နေ့မှာကျတော့ အာဏာရှင်စနစ်ကို တတိုင်းပြည်လုံးအနေနဲ့ဆန့်ကျင်မှရမယ်ဆိုပြီး ကျန်ဒေသက လူငယ်တွေလည်း ဒီလိုမျိုး ဆန့်ကျင်ဖို့အတွက် စိုင်းပြင်းနေတယ်ပေါ့ဗျာ။ အဲချိန်မှာကျွန်တော်တို့လည်း လမ်းပေါ်ထွက် လာတာဖြစ်တယ် ပေါ့။

DW ။ အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့မှ လမ်းပေါ်ထွက်ဆန္ဒပြဖြစ်ကြတယ်ပေါ့နော်။ အဲဒီမတိုင်ခင်က ဘာဖြစ်လို့ မပြတာလဲဆိုတဲ့အကြောင်း ပြန်ပြောပြပေးပါ။

ဖြေ ။ ကျွန်တော်ခုနကပြောသလိုပဲပေါ့နော်။ ကျွန်တော်တို့လှုပ်ရှားမှုရဲ့အစက( ၂၀၂၁ ဖေဖော်ဝါရီလ) ၂ ရက်နေ့လို့ ပြောလို့ရတယ်။ အဲဒီနေ့မှာ ကျွန်တော်တို့ရဲဘော်တွေပဲပေါ့။ နည်းပညာ(တက္ကသိုလ်) ကျောင်းသားဟောင်းပါပဲ။ အဲဒီသုံးယောက်ကနေ သမဂ္ဂအလံတော်ထူ(လွှင့်)ပြီး စပြီးလှုပ်ရှားကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီညကတည်းက ကျွန်တော်တို့က အင်အားတွေ စုစည်းနေကြတာပေါ့။ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားပြီးရင် ရှောင်ဖို့ တိမ်းဖို့နေရာတွေ ကြိုတင်ပြင်ဆင်နေကြတာပေါ့။ (ဖေဖော်ဝါရီလ) ၅ ရက်နေ့မှာတော့ စမယ်ဆိုပြီး( လမ်းပေါ်) စထွက်တာပေါ့။

DW ။ အဲဒီနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းကစပြီး ဒီကနေ့အထိ အကြမ်းမဖက်လူထုလှုပ်ရှားမှုကိုပဲ လုပ်ဖြစ်နေတယ်ပေါ့။ အဲဒါက ဘာဖြစ်လို့လဲ။

ဖြေ ။ ပထမဆုံးပြောချင်တာကတော့ ကျွန်တော်က လူထုရဲ့နိုင်ငံရေးအာဏာကို ယုံတယ်ပေါ့ဗျာ။ တိုင်းပြည်တစ်ပြည်ရဲ့ စနစ်တစ်ခုကိုပြောင်းလဲဖို့အတွက် လူထုတွေမှာ အခွင့်အာဏာရှိတယ်ပေါ့‌ဗျာ။ လူထုတွေသာ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြမယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးစနစ်က လုံးဝရမယ်ဆိုတာသေချာတယ်ပေါ့။ ပြောချင်တာကတော့ လက်နက်မဲ့လူထုရဲ့အာဏာကို ယုံကြည်တာပေါ့။

နောက်တစ်ခုကဘာလဲဆိုတော့ ဖေဖော်ဝါရီလ ၂၈ ရက် (ထားဝယ်သပိတ်) အကြမ်းဖက်ဖြိုခွဲခံရပြီး နောက်ပိုင်းမှာ လူငယ်တွေက တောထဲတောင်ထဲ ရောက်ကုန်‌တာပေါ့ဗျာ။ လက်နက်ကိုင်တော်လှန်ဖို့အတွက် ခြေလှမ်းစလှမ်းကြတာပေါ့။ ကျွန်တော်တို့တိုင်းပြည်မှာက လက်နက်ကိုင်တော်လှန်ရေးဆိုတာက ၂၀၂၁ မှ ဖြစ်လာတာမဟုတ်ဘူး။ နဂိုကတည်းက ရှိထားပြီးသား။ တော်လှန်ရေးရဲ့ အရင်းမြစ်တစ်ခုဖြစ်တယ်ပေါ့။ လက်နက်ကိုင်တော်လှန်းရေးကလည်း စစ်အာဏာရှင်တွေကို ဖိအားပေးရမှာပဲ။ လက်နက်ကိုင် တော်လှန်ရေးတစ်ခုတည်းနဲ့ တိုင်းပြည်ရဲ့ စနစ်တစ်ခုလုံးကို ပြောင်းလဲလို့နိုင်လိမ့်မယ် မယူဆဘူး။ လက်နက်ကိုင် တော်လှန်ရေးကို မယုံကြည်တာတော့ မဟုတ်ဘူး။ ‌စနစ်တစ်ခုကို ပြောင်းလဲဖို့အတွက် အရေးကြီးဆုံးက လူထုသာဖြစ်တယ်။ ပြောချင်တာက လူထုတော်လှန်ရေးကို ပိုပြီးယုံကြည်တယ်။

DW ။ စစ်အာဏာရှင်တော်လှန်ရေးကာလ အခုဆို ၃ နှစ်ကြာလာတဲ့အချိန် တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံရဲ့ တော်လှန်ရေး ဘာတွေပြောင်းလဲသွားပြီလဲ။ ဘယ်လိုအခင်းအကျင်းကို ရောက်နေလဲ။

ဖြေ ။ တော်လှန်ရေး ၃ နှစ်ကြာလာပြီးအချိန်မှာလည်း အရှိန်ကောင်းဆဲပဲပေါ့နော်။ အင်နဲ့အားနဲ့ တိုက်နေကြ ဆဲပဲ။ ပြောမယ်ဆိုရင်တော့ တော်လှန်ရေးက အရှေ့ကို ပိုရောက်လာတယ်။ စစ်ဘောင်ကျယ်လာတယ်ပေါ့။ စစ်ဘောင်ကျယ်လာရင် နိုင်ငံရေးဘောင်က ကျုံ့လာတယ်။ ဒါမျိုးကို ကောင်းကောင်းမြင်ရတယ်။ နိုင်ငံရေး ဘောင်ကျုံ့လာပြီဆိုတာနဲ့ နိုင်ငံရေးအာဏာဟာ လူထုလက်ထဲမှာမရှိတော့ဘဲ သေနတ်ပြောင်းမှာပဲရှိတယ် ဆိုတာ တော်တော်လေး ထင်ထင်ရှားရှား တွေ့လာရတယ်ပေါ့။ လက်နက်ကိုင်ထားတဲ့ အင်အားစုတွေမှာပဲနိုင်ငံရေးအာဏာက သွားရှိနေသလိုတွေ့ရတယ်။ တစ်ခုတော့ရှိတာပေါ့။ ကျွန်တော်တို့ဖြစ်စေချင်တာက သေနတ်ပြောင်းဝမှာ နိုင်ငံရေးအာဏာရှိတယ်ဆိုရင် ဒီအာဏာဟာလည်း ပြည်သူလူထုက ပေးထားတဲ့ အာဏာပဲဖြစ်သင့်တယ်။ ကျွန်တော်နားလည်တာကလေ။ အခင်းအကျင်းကတော့ ပြည်သူလူထုကတော့ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် လုထုရဲ့အကြပ်အတည်းပေါ့ဗျာ။ လူမှုရေးအရာရော၊ စီးပွားရေးအရရော ပညာရေးတို့၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ အခြေခံအခွင့်အရေးတွေက တော်တော်လေးကို ဆုံးရှုံးနေတဲ့ အခင်းအကျင်းကိုတွေ့ရတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့။ နှစ်ပေါင်း ၇၀ ကျော်လောက်ကြာလာပြီ ဖြစ်တဲ့ နိုင်ငံရဲ့ပြဿနာကို သုံးလေးနှစ်အတောအတွင်း တစ်ခါတည်း ပြေလည်သွားအောင် ဖြေရှင်းလို့တော့ နိုင်မှာမဟုတ်ဘူး။ အဲ‌တော့ ကျွန်တော်တို့ပြည်သူတွေက ဆက်တိုက်ဖို့ပဲလိုတော့တယ်။ အာဏာရှင်စနစ်ကို ကျွန်တော်တို့ လက်မခံသရွေ့ကတော့ ကျွန်တော်တို့ အာဏာရှင်စနစ်အောက်မရောက်သေးဘူး။ ရှင်းရှင်းလေးပဲပြောရမယ်ဆိုရင်ပေါ့။ အဲတော့ ကျွန်တော်တို့ ပြည်သူလူထုတွေဟာ ဆက်ပြီးတိုက်ပွဲဝင်ဖို့ပဲလိုအပ်တာပေါ့။

DW ။ ပြည်သူတွေကို ဘာများပြောချင်တာရှိသေးလဲ။

ဖြေ ။ တော်လှန်ရေးသည် ဘယ်လိုအစုအဖွဲ့တစ်ခုတည်းပေါ်မှာပဲ တာဝန်ရှိနေတာမဟုတ်ဘူး။ လူတစ်ဦး တစ်ယောက်ချင်းစီမှာ တာဝန်တွေရှိနေတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီကနေပြီး တော်လှန်ရေးအပေါ် အခိုင်အမာယုံကြည်နေဖို့လိုတယ်။ အာဏာရှင်စနစ်ကို လုံးဝလက်မခံဘူးလို့ သန္နိဋ္ဌာန်ချထားဖို့လိုတယ်။ ဒီလိုတွေကြောင့်လည်း တော်လှန်ရေးက အခုချိန်အထိ အားကောင်းမောင်းသန်ရှိနေတာပဲဖြစ်တယ်။

တော်လှန်ရေးတစ်ခုဖြစ်လာပြီဆို လူထုက အနစ်နာခံရတာတွေ ပေးဆပ်ရတာတွေ တော်တော်များတယ်။ ဒီလိုတွေကြားထဲမှာ ပြည်သူတွေအချင်းချင်း အပြန်အလှန်ကူညီကြပြီး လက်တွေ့ကျကျ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြရမယ်ပေါ့။ ကျွန်တော်တို့အမြဲတမ်းပြောတယ်။ တော်လှန်ရေးမှာ အဓိကအကျဆုံး နည်းနာနှစ်ခုရှိတယ်။ Armed resistance လို့‌ခေါ်တဲ့ လက်နက်ကိုင်ဆန့်ကျင်တော်လှန်တာနဲ့ stable resistance လို့ခေါ်တဲ့ ပြည်သူလူထုဆန့်ကျင်တော်လှန်မှုပေါ့။ ဒီတော်လှန်ရေးနည်းနာနှစ်ခုကို ပြည်သူလူထုအနေနဲ့ လက်တွေ့ကျကျ ပူးပေါင်းပါဝင်ဖို့၊ လက်တွေ့ကျကျ ပံ့ပိုးဖို့အတွက် အဓိကတောင်းဆိုချင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“စစ်တပ်ဆိုတာ ဘယ်တုန်းကမှ သမိုင်းမှာ လုထုမျက်နှာမကြည့်ခဲ့ဘူး။ သူတို့လိုချင်တာလုပ်မှာပဲ”

ကိုစည်သူနိုင် ၊ ထားဝယ်သပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦး

DW ။ ဖေဖော်ဝါရီလ ၅ ရက်ဖြစ်တဲ့ မနေ့က ထားဝယ်သပိတ် ၃ နှစ်တိတိပြည့်တဲ့နေပေါ့နော်။ ဆိုတော့ ပထမဆုံး အဲဒီနေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လမ်းပေါ်တက်ဆန္ဒပြဖို့အတွက် ဖြစ်လာရတဲ့အကြောင်း အတိုချုပ်လေး ပြောပြပါ လား။

ဖြေ ။ အာဏာစသိမ်းသိမ်းချင်းမှာ ကျွန်တော်ကအလုပ်ခွင်ကပစ္စည်းတွေသိမ်းပြီးပြန်လာတုန်း ကျွန်တော့်ညီအကိုတွေက နည်းပညာကျောင်းနဲ့ အထက၃(ထားဝယ်)မှာ သမဂ္ဂအလံတင်ပြီးပြီ။ အဲဒါနဲ့ ညီအကိုတွေနဲ့ ဆုံဖို့ကိုတစ်ရက်ခြားပြီးမှ ဆုံဖို့စုဖြစ်တယ်။တချို့တွေက အိမ်မှာမအိပ်ရဲကြဘူး။အိမ်မှာလာဖမ်းကြမှာ စိုးရိမ်ပြီး အဆောင်ပြောင်းနေကြတယ်။ အဲအဆောင်မှာပဲစုပြီး စပြီးစကားပြောဖြစ်ကြတယ်။ နေ့တိုင်းစုပြီးအစည်းအဝေးလုပ်ကြတယ်။ ၇၂နာရီစောင့်ကြည့်ဖို့ ၃ရက်ကြာပြီးရင် သိမ်းထားတဲ့အာဏာ ပြန်ကိုပြန်အပ်လိမ့်မယ်ဆိုပြီး လိုင်းပေါ်မှာပလူပျံနေကြချိန် အဲဒီဂျင်းထဲ ပိတ်မိ နေလို့မရဘူး။ ဒီအတိုင်းနေရင် အာဏာသိမ်းတာကို ပြည်သူတွေလက်ခံတဲ့သဘောဖြစ်နေတယ်။ ဆန္ဒထုတ်ဖော်ကြ မယ်ဆိုပြီး ၄ရက်နေ့ နေ့လယ်မှာ ဆုံးဖြတ်လိုက်ကြတယ်။ ၅ရက်နေ့ မနက် ၉ နာရီရှမ္မလည်ဆွဲ(လမ်းဆုံ) ဓာတ်ဆီဆိုင် လမ်းဆုံမှာစုပြီး ပထမဆုံးလမ်းလျှောက်ဆန္ဒပြဖြစ်ကြတယ်။

DW ။ လက်ရှိမှာရော တော်လှန်ရေးထဲပါဝင်နေဆဲလား။ ဘယ်ကဏ္ဍမှာပါနေတာလဲ။ ဥပမာ – လက်နက်ကိုင်တာလား၊ နိုင်ငံရေးအစုအဖွဲ့လား၊ သပိတ်အဖွဲ့လား စသည့်ဖြင့်ပေါ့။

ဖြေ ။ လက်ရှိမှာတော့ တော်လှန်ရေးထဲမှာ လက်နက်ကိုင် ရဲဘော်အနေနဲ့ ကျရာတာဝန်ထမ်းဆောင်နေပါတယ်။

DW ။ ဘာကြောင့် အဲဒီလမ်းကိုရွေးဖြစ်တာလဲ။

ဖြေ ။ လက်နက်ကိုင်လမ်းစဥ်ရွေးဖြစ်သွားတာက သပိတ်မှောက်စက ကျွန်တော့်ညီအကိုတွေကိုပြောတယ်။ ငါတို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ်။ မရရင် လက်နက်ကိုင်ကိုကိုင်မယ်။ စစ်တပ်ဆိုတာ ဘယ်တုန်းကမှ သမိုင်းမှာ လုထုမျက်နှာမကြည့်ခဲ့ဘူး။ သူတို့လိုချင်တာလုပ်မှာပဲ။ ငါတို့လည်း ငါတို့လိုချင်တာကို ရနိုင်တဲ့နည်းတွေနဲ့ တောင်းဆို ရမှာပဲလို့ပြောခဲ့တယ်။ နည်းလမ်းကတော့ တခြားနည်းလမ်းတွေလည်း ရှိကြပါတယ်။ ဥပမာ CDM လုပ်တာ၊ စစ်တပ်ထုတ်ကုန် မသုံးစွဲတာ၊ သူတို့အုပ်ချုပ်မှုကို ရသလောက်အံတုတာ၊အခွန်မသွင်းတာ၊ လုပ်ငန်းတွဲမလုပ်တာ စသဖြင့်ပေါ့ ရှိကြပါတယ်။ ကျွန်တော်တို့ ရွေးချယ်ဖို့(လက်နက်ကိုင်လမ်းစဉ်)သေချာသွားတာက ၂၇ရက်နေ့ မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်တွေနဲ့ စပစ်ပေမယ့် ၂၈ရက်နေ့မှာ ကျည်ဆန်အစစ်နဲ့ လူသတ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ပိုသေချာသွားစေပါတယ်။

DW ။ စစ်အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ တော်လှန်နေတာ ၃ နှစ်တိတိပြည့်ပြီပေါ့။ ဆိုတော့ တနင်္သာတိုင်းရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းက ဘယ်လိုဖြစ်နေလဲ။ နောက်ဘာဖြစ်လာနိုင်မယ်ဆိုလို့ သုံးသပ်လဲ။

ဖြေ ။ ၃နှစ်ပြည့်ပြီ။ သဘောထားတွေ ကွဲကြတဲ့သူတွေက တစ်ချို့ ညီညွတ်ရေး ပူးပေါင်းရေးဖက် အားစိုက်လာကြ ပါတယ်။အကုန်လုံးညီညွတ်ဖို့တော့ အချိန်ယူရအုန်းမယ်ထင်တယ်ဗျ။ နိုင်ငံရေး ပလက်ဖောင်း တစ်ခုတော့ ကြိုးပမ်းနေ တာသိရပါတယ်။အသံတခုတည်းထွက်စေချင်တယ် ။ ဒေသတစ်ခုလုံး တခြားဒေသရဲ့လွမ်းမိုးမှု မပါပဲပေါ့။ မြန်မြန် ညီညွတ်ရင် ပွဲက မြန်မြန်ပြီးမယ်။ဒီနှစ်ကတော့စစ်ရေးအရှိန် ပိုကောင်းမယ်လို့ ထင်ပါတယ်။ မြို့တွေဆီကို တဖြည်းဖြည်း ချဉ်းကပ်လာနိုင်နေပါပြီ။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။