ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်းစာနာမှုကူညီရေးဇုန်ကို ယခုလကုန်တွင်တည်ဆောက်ရန်စီစဉ်

0
1015
ပုံစာ - ပြီးခဲ့သောနှစ် နိုဝင်ဘာလက မယ့်ဟောင်ဆောင်ဘက်သို့ ထွက်ပြေးလာသော ကရင်နီဒုက္ခသည်များ။ Photo - The Nation

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်တွင် မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး လုံခြုံရေးဇုန်တစ်ခုကို ယခုလကုန်ပိုင်းတွင် တည်ဆောက်သွားရန် စီစဉ်နေကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ဒုက္ခသည်များကို ဆေးဝါးနှင့် အစားအသောက်များ ထောက်ပံ့ပေးနိုင်မည့် အကူအညီပေးရေးဇုန်တစ်ခုကို မြဝတီ-မဲဆောက် နယ်စပ်အနီးတွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး Sihasak က ပြောသည်။

ယင်းအစီအစဉ်သည် ပဋိပက္ခဖြစ်ပွားနေမှုများကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားပြီး ဆွေးနွေးညှိနှိုင်းရေး လမ်းစများ ပေါ်ထွက်လာရေးအတွက်လည်း ရည်မှန်းထားကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။

ထိုအစီအစဉ်ထဲတွင် ထိုင်းနှင့် မြန်မာကြက်ခြေနီအသင်းများ ပါဝင်လာမည်ဖြစ်ပြီး အာဆီယံ၏ လူသားချင်း စာနာမှုအကူအညီများကို မြေပြင်သို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အကူအညီပေးရေးဇုန်တည်ဆောက်ရန်အတွက် အာဆီယံအထူးအစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးများက လက်မှတ်ထိုး သဘောတူထားပြီးဖြစ်ပြီး တက်ရောက်ခဲ့သော မြန်မာကိုယ်စာလှယ်ကလည်း သဘောတူ လက်မှတ်ထိုးခဲ့ကြောင်း ဒုဝန်ကြီးက ဆိုသည်။

ယင်းအစီအစဉ်မှတစ်ဆင့် ငြိမ်းချမ်းရေးစကားဝိုင်းများ ပွင့်လာစေရန် လမ်းဖွင့်ပေးထားမည်ဖြစ်ပြီး စကားဝိုင်းတွင် စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်လာမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း စကားဝိုင်းနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သဘောတူထားခြင်း ရှိမရှိကိုမူ ဒုဝန်ကြီးက ပြောဆိုထားခြင်း မရှိခဲ့ပေ။

စကားဝိုင်းအချို့မှာ ယခုနှစ်လယ်ပိုင်းတွင် စတင်နိုင်လိမ့်မည်ဟု ပြောကြားထားပြီး အသေးစိတ်ကိုမူ ပြောကြားထားခြင်းမရှိသေးပေ။

ယင်းအပြင် မြန်မာအိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံများနှင့်လည်း ထိုင်းနိုင်ငံက ဆွေးနွေးခဲ့ သေးကြောင်း ဒုဝန်ကြီးက ပြောဆိုသည်။

ထိုအစီအစဉ်သည် မြန်မာနိုင်ငံအတွက် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် ပြန်လည် တည်ဆောက်နိုင်ရန်၊ အပြုသဘောဆောင်သော စကားဝိုင်းများ စတင်နိုင်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီအစိုးရကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသော ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုရာ စစ်ကောင်စီက မတက် သဖြင့် ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ် အစည်းအဝေးများတွင် မြန်မာထိုင်ခုံနေရာ လွတ်နေခဲ့သည်။

လာအိုနိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန်ယူသော ၂၀၂၄ ခုနှစ် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင်မူ စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ် ဒေါ်မာလာသန်းထိုက်ကို စတင်စေလွှတ်လာခဲ့သည်။