မင်းပြားမြို့တွင် ကျန်ရှိသည့် တပ်ရင်းနှစ်ခုစလုံးကို သိမ်းယူလိုက်ကြောင်း AA ထုတ်ပြန်

0
1053
ပုံစာ - မင်းပြားတွင် AA သိမ်းယူထားသည့် စစ်ကောင်စီတပ်ရင်းများ။

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကျန်ရှိနေသည့် တပ်ရင်းနှစ်ခုစလုံးကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

တစ်လနီးပါးကြာတိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်တွင် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၇၉နှင့် ၅၄၁ တို့ကို သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စကခ-၉ မှာ ကျောက်တော်မြို့တွင် အခြေစိုက်သည်။

မင်းပြားတွင် စစ်ကောင်စီတပ်ရင်း သုံးခုရှိသည့်အနက် ခမရ ၃၈၀ တပ်ရင်းကို ဇန်နဝါရီလ ၂၈ ရက်တွင် AA က သိမ်းယူခဲ့သည်။

ထို့ကြောင့် မင်းပြားမြို့တွင်ရှိသည့် စစ်ကောင်စီတပ်ရင်း အားလုံးကို AA က သိမ်းယူထားပြီဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မြို့ကို ထိန်းချုပ်ထားကြောင်း ဒေသတွင်းသတင်းများနှင့် ဒေသခံအချို့က ပြောသည်။

မင်းပြားမြို့ရှိ လက်ကျန်တပ်ရင်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ဖေဖော်ဝါရီလ ၆ ရက်တွင် လက်နက်ချပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့် မိသားစုဝင် ငါးရာကျော်ရှိကြောင်း ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။

AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို သိမ်းယူထားသလို ရခိုင်ပြည်နယ်ထဲက ပေါက်တောမြို့ကိုလည်း သိမ်းယူထိန်းချုပ်ထားသည်။ မင်းပြားမြို့သည် ရခိုင်တွင် AA က ဒုတိယမြောက်ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာသည်။