ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့်စခန်းတစ်ခုကို AA ထပ်မံသိမ်းယူ၊ ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသူ နှစ်ရာအထက်ရှိလာ

0
420
ပုံစာ - ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များ။

မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ) စခန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

တောင်ပြို (လက်ဝဲ) နှင့် တောင်ပြို (လက်ယာ) စခန်းများကို AA က ဖေဖော်ဝါရီလ ၄ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့တွင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း AA က ဆိုသည်။

စတင်တိုက်ခိုက်သည့်နေ့တွင် နယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြကြောင်း AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲ သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာနှင့် အထက်ရှိနေပြီဖြစ်ကြောင်းလည်း AA က ဆိုသည်။

တောင်ပြိုလက်ဝဲသည် မြို့အဆင့်ဖြစ်ပြီး ယင်းမြို့ကိုလည်း AA က ထိန်းချုပ်နိုင်ပြီဟု ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် နရိဉ္စရာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း AA က ထုတ်ပြန်ထားသည်။

မြောက်ဦး၊ ကျောက်တော်မြို့တို့အပါအဝင် အခြားမြို့နယ်တို့ရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်များ၊ တပ်ရင်းများနှင့် တပ်စခန်း များအား ဆက်လက်တိုက်ခိုက်နေကြောင်းလည်း ဖော်ပြသည်။