သရက်ချောင်း၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး

0
1327

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတိုက်ပွဲတွင် အသက် ၆၀ ခန့်ရှိ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီခန့်က ကင်းရှေ့ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ကင်းရှေ့ရွာစာသင်ကျောင်းသို့ ဝင်ရောက်လာပြီးနောက် နေအိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထိုသို့ စစ်ဆေးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်သဖြင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်ပြီးတော့လည်း လက်နက်ကြီးနဲ့ ပစ်နေသေးတယ်။ မနေ့ညကလည်း ပစ်တယ်။ အခုမနက်လည်း ပစ်တာရှိတယ်။ ရွာထဲပြန်မဝင်ရသေးဘူးဆိုတော့ သတင်းက အားလုံးသေချာ မသိရဘူး။ ကျွန်မတို့လည်းအခုထိ တောထဲမှာပဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများနှင့် လူအိုလူနာများပါမကျန် စစ်ဘေးရှောင်နေရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားနေစဉ် အသက် ၆၀ ခန့်ရှိ ဒေါ်ရှင်အေးသည် နေအိမ်အနီး ဝပ်နေစဉ် လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် သင်္ဂြိုဟ်မည်ဟု ကြားသိရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အိမ်ခြေသုံးရာကျော် လူဦးရေတစ်ထောင်ကျော်ရှိသည့် ကင်းရှေ့ရွာအပါအဝင် ဆေးဖြတ်ကုန်းနှင့် ကြာအင်းကြက်စားပြင် ရွာက ဒေသခံအချို့လည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်အခြေအနေကို Dawei Watch က ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။