ထားဝယ်အမျိုးသမီးသမဂ္ဂက မနှင်းအိထွေးကို စစ်ကောင်စီက ထောင် ၁၀နှစ်ချ

0
1323

ထားဝယ်အမျိုးသမီးသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မနှင်းအိထွေး (ခေါ်) မဌေးဌေးဝင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ကြောင်း နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၃ ရက်က ဆိုင်ကယ်တိုက်မိသဖြင့် ထားဝယ်ဆေးရုံတွင် တက်ရောက် ကုသနေသည့် တူနှစ်ဦးကို လူနာပြုစုစောင့်ရှောက်နေစဉ် မနှင်းအိထွေးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများက မေးမြန်းလိုသဖြင့် ခဏလိုက်ခဲ့ပါဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟုဆိုကာ မနှင်းအိထွေးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့ကြောင်း မနှင်းအိထွေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းနောက် မနှင်းအိထွေးကို ဇန်နဝါရီလ ၃၁ ရက်တွင် ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“တရားရုံးထုတ်တုန်းကတော့ လူချင်းတွေ့ရတယ်။ ကျန်းမာရေးကောင်းပါတယ်။ အမိန့်ချတာနဲ့ပက်သက်ပြီး ဘာမှပြောချင်တာ မရှိပါဘူး။ အမြန်ဆုံးပြန်လွတ်လာဖို့ပဲလိုတယ်” ဟု ၎င်းက ပြောဆိုသည်။

အသက် ၃၅ နှစ်ခန့်ရှိ မနှင်းအိထွေးမှာ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ကျွဲခြံရွာဇာတိဖြစ်သည်။

ထားဝယ်အကျည်းထောင်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၄၀၀ ခန့်ရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်၏ စာရင်းများအရ သိရသည်။