ဖူးခက်တွင် MoU မြန်မာလုပ်သားများ နှစ်လလုပ်ပြီး အလုပ်မရှိတော့၍ အခက်အခဲဖြစ်နေ

0
901

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများမှာ နှစ်လလုပ်ပြီးသည်နှင့် အလုပ်မလုပ်ရတော့သဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

အမျိုးသမီး ၁၀ ဦးပါဝင်သော မြန်မာအလုပ်သမား ၂၅ ဦးကို ဖူးခက်ခရိုင် ဘန်းဖွန် ဘန်ခန်းတွင် ရှိသော PCONS ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ စစ်သွေးညီက နှစ်နှစ်စာချုပ်ဖြင့် ပြီးခဲ့သောနှစ် နိုဝင်ဘာလက စေလွှတ်ထားကြောင်း အလုပ်သမားများထံမှ သိရသည်။

သို့သော်လည်း အလုပ်စဆင်းသည့်ရက်မှစ၍ နှစ်လကျော်ကာလအထိ ၃၅ ရက်သာ အလုပ်ဆင်းခဲ့ရကြောင်း အလုပ်သမားများက ဆိုသည်။

ယင်းနောက် ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ သူဌေးက လုပ်ငန်းခွင်တွင် အလုပ်မရှိတော့သဖြင့် မြန်မာအလုပ်သမားများကို အလုပ်မပေးနိုင်တော့ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပြောင်းရွှေ့လုပ်ကိုင်ရန် သူဌေးဘက်က ပြောကြားသော်လည်း စာချုပ်ပါလုပ်ငန်းခွင်မဟုတ်သဖြင့် မြန်မာအလုပ်သမားများက အလုပ်မဆင်းဘဲ နေနေကြကြောင်း အလုပ်သမားများက ဆိုသည်။

မြန်မာအလုပ်သမားများသည် အလုပ်ပုံမှန်မဆင်းရသည့်အပြင် နှစ်လလုပ်ကိုင်ပြီးသည်နှင့် အလုပ်မရှိတော့သဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် ရှိတဲ့ပိုက်ဆံလေးတွေနဲ့ ဝေမျှစားသောက်နေရတယ်။ ထမင်းကို တစ်နပ်စား နှစ်နပ်စား လျှော့စားနေရတာပေါ့။ ဘာလို့လဲဆို ပိုက်ဆံတွေက ပြတ်သတ်နေတော့လေ အဲလိုသုံးစွဲပြီးတော့ မျှသုံးနေရပါတယ်” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။

အလုပ်သမားများ၏ အခက်အခဲများကို အေဂျင်စီထံသို့ အကူအညီတောင်းခံခဲ့သော်လည်း ယနေ့အပါအဝင် ၈ ရက်ကြာသည်အထိ ဆက်သွယ်ပြီး ဖြေရှင်းပေးခဲ့ခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

အေဂျင်စီဘက်က ဖြေရှင်းပေးမှု မရှိခဲ့သဖြင့် နီးစပ်ရာ မြန်မာအလုပ်သမားကူညီရေးအဖွဲ့ WAG အဖွဲ့ထံသို့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

လက်ရှိတွင် အလုပ်သမားများက ၎င်းတို့ အလုပ်မဆင်းရသော ရက်များအတွက် လုပ်အားခ ၇၅ ရာခိုင်နှုန်း ရရှိရေး အေဂျင်စီဘက်က တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။

“လက်ရှိကတော့ ‌အေဂျင်စီဘက်က လက်မခံပေးသေးဘူး။ ငြင်းနေတုန်းပဲပေါ့နော်။ ဒီအလုပ်နားရက်တွေမှာ ၇၅ ရာခိုင်နှုန်းပြန်ပေးဖို့” ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်သွေးညီ မြန်မာအေဂျင်စီ၏ ဖုန်းသို့ ဆက်သွယ်မေးမြန်းခဲ့ပေသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

လက်ရှိတွင် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော အလုပ်သမားများ ဒုက္ခရောက်မှု ပိုမိုများပြားလာနေပြီး ဆောက်လုပ်ရေးလုပ်ငန်းဖြင့် လာရောက်မည်ဆိုပါက အထူးသတိထားစေလိုကြောင်း မြန်မာအလုပ်သမားကူညီရေးအဖွဲ့များက တိုက်တွန်းထားသည်။