အရှေ့တောဒေသတွင် ဖမ်းဆီးခံရသည့် PDF တစ်ဦးကို စစ်ကောင်စီပစ်သတ်

0
1104

အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပခပ်ကျေးရွာလမ်းပိုင်း တစ်နေရာ၌ PDF ရဲဘော်တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ပစ်သတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF ရဲဘော်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း-T1 မှ ရဲဘော်နွဲ့ဆိုးဖြစ်သည်ဟု ယင်းအဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ကွမ်းသီးလုပ်နေသည့် ပခပ်ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ကျေးရွာလမ်းပိုင်းတစ်နေရာတွင် ဆိုင်ကယ်စီးလာသည့် PDF ရဲဘော်နွဲ့ဆိုးကို ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

“PDF ရဲဘော်ကိုတော့ ရိုက်နှက်ထိုးကြိတ်ထားတာတွေရှိတယ်၊ ပြီးမှပစ်သတ်လိုက်တာ၊ ရွာခံသားနှစ်ယောက်ကိုတော့ ရိုက်နှက်တာမရှိဘူး၊ ရိက္ခာသယ်ခိုင်းတာတွေတော့ရှိတယ်” ဟု ပခပ်ကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။

ညနေ ၃ နာရီခွဲခန့်တွင် PDF ရဲဘော်နွဲ့ဆိုးကို စစ်ကောင်စီတပ်က ရမ္မဇူနှင့် ပခပ်ရွာကြားတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရမ္မဇူကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ပခပ်ရွာသားနှစ်ဦးကိုမူ ယင်းနေ့ ညနေ ၅ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၇ ရက်နေ့က အရှေ့တောဒေသကို ဝင်လာပြီး ဇလွန်းရွာဘက်တွင် ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ပကာရီကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ပကာရီရောက်တော့ သူတို့ကိုပြန်လွှတ်ပေးခဲ့တယ်။ ရိုက်နှက်ထုထောင်းတာ၊ ရိက္ခာသယ်ခိုင်းတာတွေ မရှိဘူးလို့တော့ ပြောတာပဲ၊ ပကာရီမှာတစ်ညအိပ်ပြီး မနက် ၁ နာရီလောက်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ပြန်ထွက်သွားတယ်” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်က ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသရှိ စစ်ကောင်စီတပ်၏ ကျောက်ထုခြေကုတ်စခန်းကို KNLAနှင့် PDF ပူးပေါင်းတပ်များ သိမ်းယူပြီးသည့်နောက် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်တို့ကို စစ်ကောင်စီတပ်က ကြည်းတပ်၊ ရေတပ်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။