ထိုင်းနယ်စပ်မှ တနင်္သာရီဘက်ကူးမည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးများနှင့်အတူ ထိုင်းရဲဖမ်းမိ

0
972

ထိုင်းနိုင်ငံနယ်စပ်နှင့် ထိစပ်နေသော တနင်္သာရီတိုင်းဘက်သို့ တရားမဝင် ဝင်ရောက်ရန် လုပ်ဆောင်နေသည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဇန်နဝါရီလ ၂၉ ရက်နေ့က ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ပကျွတ်ခီရီခန်ခရိုင် ကောလက်ဒေသရှိ အမျိုးသားဥယျာဉ်ထဲတွင် နယ်ခြားစောင့်တပ်များ တောတွင်း ပြစ်မှုကင်းရှင်းရေးနှင့် တရားမဝင် ဝင်ရောက်မှုများမရှိရေးအတွက် တင်းတင်းကြပ်ကြပ် ကင်းလှည့်စစ်ဆေးနေစဉ် ညနေ ၄ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ဆေးနေစဉ် ခြေသံကြားသဖြင့် သွားရောက်စစ်ဆေးရာမှ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို တွေ့ရှိရဟုဆိုသည်။

၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ မူးယစ်ဆေးပြား WY အလုံးရေ ၂၇၉ လုံးကိုပါ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးပြားများကို ကူဘူရီအမျိုးသားဥယျာဉ်လမ်းကြောင်းကိုသုံး၍ မြန်မာနိုင်ငံထဲသို့ ယူဆောင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဝန်ခံခဲ့ဟုဆိုသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် ပကျွတ်ခရီခန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Ref: Daily News, ejan