ပြည်သူ့စစ်ဖွဲ့စည်းရန်ဆိုကာ စစ်ကောင်စီက သထုံခရိုင်တွင် အဓမ္မလူအင်အား စုဆောင်းနေ

0
1104
ပုံစာ - သထုံမြို့နယ်မှ ပြည်သူ့စစ်များကို တွေ့ရစဉ်

ပြည်သူ့စစ်ဟု နာမည်ပေးထားသော ပျူစောထီးတပ်များ ဖွဲ့စည်းရန်အတွက် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းမှမြို့နယ်အချို့နှင့် ကျေးရွာများတွင် စစ်ကောင်စီက အဓမ္မလူအင်အား စုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျေးရွာ၊ ရပ်ကွက်အလိုက် အချိုးကျ အဓမ္မ လူအင်အားစုဆောင်းမှုများ ပြုလုပ်နေကြောင်း ၎င်းတို့ကဆိုသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဘိနှင့်ဇနီးဖြစ်သူ၊ ရှမ်းစုကျေးရွာ ပျူစောထီး ခေါင်းဆောင် ဦးဝင်းမောင်တို့က ဦးဆောင်ပြီး သထုံမြို့နယ်ရှိ စခန်းကြီးကျေးရွာ၊ အနန်းပင်ကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ ဝါးခုတ်တော ကျေးရွာ၊ အင်ဝိုင်းကျေးရွာများမှ တစ်ရွာလျှင် ၁၅ ယောက် နှုန်းဖြင့် အဓမ္မ လူအင်အား စုဆောင်းနေခြင်းဖြစ်ဟု ဒေသခံတစ်ဦးကရှင်းပြသည်။

“တစ်ရွာကို ၁၅ ယောက် မဖြစ်မနေဝင်ရမယ်လို့ ပျူခေါင်းဆောင်ကပြောတယ်။ အကယ်၍ ဝင်မယ့်သူ မရခဲ့ရင် မဲနှိုက်ပြီး ပေါက်တဲ့အိမ်က မဖြစ်မနေ လူထည့်ပေးရတယ်” ဟု ၎င်းကပြောသည်။

အလားတူ သုံးအိမ်စု ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းဝင်းမှ ကျေးရွာအတွင်း ပျူအင်အားစုဆောင်းမှုကို မဝင်မနေရ ပုံစံမျိုးဖြင့် ပြုလုပ်နေပြီး လူမထည့်ပေးနိုင်ပါက တစ်ယောက်ကို ကျပ်သိန်း ၃၀ နှုန်းဖြင့် ပိုက်ဆံပေးရမည်ဟု ပြောဆိုကြောင်း ဒေသခံများထံမှသိရသည်။

ယင်းသို့အဓမ္မလူအင်အား စုဆောင်းမှုများကို ကျိုက်ထိုမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင်လည်း ပြုလုပ်နေသလို သထုံမြို့ပေါ် ရပ်ကွက်များတွင်လည်း လုပ်ဆောင်နေကြောင်း သိရသည်။

တော်လှန်ရေး အင်အားစုများကလည်း စစ်တပ်ထောက်တိုင်များဖြစ်သည့် ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ ဦးဆောင်ဖွဲ့စည်းနေသူများကို ပစ်မှတ်ထား ရှင်းလင်းနေပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က ဘီးလင်းမြို့နယ်မှ ပျူစောထီး ခေါင်းဆောင်ဖြစ်သူ ဦးညဏ်သိန်း (ခ) ပေါလယား ပစ်ခတ်ရှင်းလင်း ခဲ့သေးသည်။