တိုက်ပွဲဖြစ်နေသဖြင့် ပုလောတွင် ခရီးသည်ကားများ ပိတ်မိနေ

0
1597

မြိတ် – ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ပုလောမြို့တွင် ခရီးသည်ကားများ ပိတ်မိနေကြောင်း မြို့ခံအချို့ကပြောသည်။

ပလမြို့၊ မီးလောင်ချောင်းကျေးရွာအနီးဝန်းကျင်တွင် ယနေ့နံနက်ပိုင်းမှစပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသည်တင်ကားများ ပိတ်မိနေခြင်းဖြစ်ကြောင်း ပိတ်မိနေသည့် ခရီးသည်တစ်ဦးက ပြောဆိုသည်

မီးလောင်ချောင်းရွာသည် ပုလောမြို့နယ် ပလမြို့အလွန် မြိတ်မြို့နယ်နှင့် ပလမြို့နယ်ခွဲအစပ်တွင် ရှိသည့် ကျေးရွာဖြစ်သည်။

“(ပုလောမြို့ပေါ်) ပိတ်မိနေတဲ့ ကားတန်းကြီးကတော့ အရှည်ကြီးပဲ၊ အခုထိတော့ သွားခွင့်မပေးသေးဘူး” ဟု ၎င်းက ယနေ့နံနက် ၁၀ နာရီကျော်အချိန်က ပြောဆိုသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လေကြောင်းသုံးတိုက်ခိုက်နေကြောင်း သတင်းထွက်ပေါ်လျက်ရှိသော်လည်း Dawei Watch အနေဖြင့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

“လေယာဉ်ပျံနေတာတော့ရှိတယ်။ ဗုံးကျဲလား၊ မကျဲလားတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ အဆက်အသွယ်တွေက ပြတ်နေတာ” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည်ဟုဆိုသည့် ကျေးရွာများမှ ဒေသခံသုံးဦးကို Dawei Watch က ယနေ့နံနက်ပိုင်းမှစပြီး ဆက်သွယ်နေသော်လည်း ဆက်သွယ်မရသေးပေ။