ဖူးခက်တွင် မြန်မာလုပ်သား ၁၅ ဦး လုပ်အားခမရသဖြင့်အမှုဖွင့်

0
963
ပုံစာ - ဇန်နဝါရီလ ၂၈ ရက်နေ့က အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် အလုပ်သမားများ သွားရောက်တိုင်ကြားစဉ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၅ ဦးသည် လုပ်အားခ ဘတ် ၂ သိန်းကျော်ကို သူဌေးက ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

အမျိုးသမီးလေးဦးအပါအဝင် မြန်မာအလုပ်သမား ၁၅ဦးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်ကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး နောက်ဆုံး လုပ်ကိုင်ခဲ့သည့် လုပ်အားခ တစ်လစာကို သူဌေးဖြစ်သူက ပိုက်ဆံမရှိဟု ပြောဆိုပြီး ထုတ်မပေးကြောင်း WAG အဖွဲ့ထံမှသိရသည်။

လုပ်အားခမရသည့်အပြင် သူဌေးက ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် ငွေကြေးများ ကောက်ခံထားပြီး စာရွက်စာတမ်းများ တာဝန်ယူလုပ်ဆောင်ပေးခဲ့ခြင်းမရှိသည့်အတွက် ဖူးခက်မြို့ရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုင်ကြားခဲ့ကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“သူဌေးနဲ့က ညှိလို့မရတော့ဘူး။ နင်တို့ လုပ်ချင်သလိုလုပ်။ တိုင်ချင်သလိုတိုင်ဆိုပြီးတော့ လုပ်တာ။ ဒါကြောင့် ရုံးကိုပဲ တိုက်ရိုက်သွားတိုင်လိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာအလုပ်သမားများ၏ လုပ်အားခ တစ်လစာ အားလုံးစုစုပေါင်း ဘတ် ၂၃၁,၇၅၀ ရရန်ရှိနေကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အလုပ်သမားများထံတွင် ပန်းရောင်ကတ်ရိုက်ရန်အတွက် တစ်ဦးလျှင် ဘတ် ၉၅၀၀ တစ်သုတ်နှင့် ဘတ် ၁၅၀၀၀ တစ်သုတ်ကောက်ခံထားခဲ့ကြောင်း ကိုမုန်တိုင်းက ဆက်လက်ပြောဆိုသည်။

ပန်းရောင်ကတ်အတွက် ငွေအပြည့်ချေထားသော အလုပ်သမားများရှိနေပြီး အချို့မှာ ဘတ် ၁၀၀၀၀ အထိ သွင်းထားပြီးဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

ပန်းရောက်ကတ်ပြုလုပ်ရန် ငွေသွင်းထားပြီးဖြစ်သော်လည်း စာရွက်စာတမ်းများ ရရှိလာခြင်းမရှိကြောင်း WAG ထံမှ သိရသည်။

ထို့ကြောင့် အလုပ်သမားများက ပန်းရောင်ဘတ်ကိစ္စနှင့် လုပ်အားခကိစ္စများကို ဖြေရှင်းပေးရန် သူဌေးကို ပြောရာ ပိုက်ဆံမရှိသဖြင့် မဖြေရှင်းပေးနိုင်ဟု ပြောဆိုကြောင်း အလုပ်သမားများထံမှ သိရသည်။

ယင်းအပြင် အလုပ်ထွက်လိုပါက ထွက်နိုင်သည်ဟု ပြောဆိုခဲ့ပြီး အလုပ်က နှင်ထုတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“အလုပ်သမားတွေ စက်ရုံထဲဝင်လို့ မရတော့ဘူး။ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲမယ်လို့ ပြန်ပြောထားတယ်” ဟု အလုပ်သမားတစ်ဦးက ပြောသည်။

လက်ရှိတွင် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေကြကြောင်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် WAG ထံသို့ အကူအညီတောင်းက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။