ကရင်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ပစ်ချခံရ

0
1243
ပုံစာ - ယနေ့ ကရင်ပြည်နယ်တွင် ပစ်ချခံရသည့် ရဟတ်ယာဉ်။ Photo - CJ

ကရင်ပြည်နယ် မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း ၃၅၅ သို့ လာရောက်သည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စင်း ပစ်ခတ်ချခံရကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

ယနေ့ ဇန်နဝါရီလ ၂၉ရက် မွန်းလွဲ ၂နာရီခန့်တွင် ခမရ ၃၅၅ သို့ လာရောက်သည့် အဆိုပါရဟတ်ယာဉ်ကို တော်လှန်ရေး တပ်ဖွဲ့တို့က ပစ်ခတ်သဖြင့် ပျက်ကျသွားခြင်းဖြစ်ကြောင်း ကရင်သတင်းစဉ် ကေအိုင်စီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရဟတ်ယာဉ်သည် ခမရ ၃၅၅နှင့် ၃၅၆ တပ်ရင်း နှစ်ခုအကြား တောအုပ်အတွင်း ပျက်ကျပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သင်္ဃန်းညီနောင် ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းသတင်းတွင် ဖော်ပြသည်။

ရဟတ်ယာဉ်ပျက်ကျမှုတွင် တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံးကြောင်းလည်း ဒေသတွင်းနှင့် ပြည်တွင်း သတင်းအချို့တွင် ဖော်ပြကြသည်။

လေယာဉ်ကို ကရင်တပ် KNLA၊ ကော်ဘရာစစ်ကြောင်းတို့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ပွိုင့် ၅နှင့် စနိုက်ပါတို့ ပစ်ခတ်မှု ထိမှန်ကာ ပျက်ကျခြင်းဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်းဘက်က ပြောဆိုချက်ကို ကိုးကားကာ သတင်းအချို့တွင် ဖော်ပြကြသည်။

ယခု ဇန်နဝါရီလအတွင်းတွင် ကချင်ပြည်နယ်၌ စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစ်စင်းနှင့် တိုက်လေယာဉ်တစ်စင်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့သေးသည်။