ပီတာ လွှတ်တော်ပြန်တက်ပြီ

0
1036

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတာကို iTV ရှယ်ယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြစ်မရှိကြောင်း တရားရုံးက အမိန့်ချခဲ့ပြီးနောက် ယနေ့ (ဇန်နဝါရီ ၂၅) နံနက်ပိုင်းတွင် လွှတ်တော်ပြန်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပီတာသည် iTV ရှယ်ယာပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေကို ကျူးလွန်မှုမရှိသဖြင့် အပြစ်မရှိကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပီတာကို iTV ရှယ်ယာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပီတာသည် လွှတ်တော်အမတ်အဖြစ်ရော ပါတီခေါင်းဆောင်နေရာကိုပါ စွန့်လွှတ်ထားခဲ့ရသည်။

၆ လခန့်အကြာတွင် ပီတာသည် လွှတ်တော်အမတ်နေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲကော်မရှင်က ပီထာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိကြောင်း အခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် လွှတ်တော်တွင်း ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ပီထာသည် ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သော မဲအရေအတွက် မရရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့သည်။

ဒုတိယအကြိမ်တွင် လွှတ်တော်အတွင်း ရွေးကောက်ခံမဟုတ်သော အထက်လွှတ်တော်အမတ်များ၏ ကန့်ကွက်မဲများဖြင့် ဝန်ကြီးချုပ်အမည်စာရင်းမှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

Ref: Khaosod English, Thai Enquirer, Bangkok Post