တနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်နေ

0
724

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၇၀၀၀ ‌ကျော်အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသဖြင့် အကူအညီလိုအပ်နေကြောင်း တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရေဖြူ၊ ကမ္မလိုင်း၊ တားပလပ်၊ ဘန်းလမွတ်၊ သမုတ်ချောင်း စသည့်ကျေးရွာဆယ်ရွာကျော်မှ ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်ပြီး အချို့မှာ နှစ်ချီစစ်ဘေးရှောင်နေရသူများလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

စစ်ဘေးရှောင်ဦးရေများပြားပြီး အလှူရှင်းနည်းပါးသဖြင့် ရိက္ခာအခက်အခဲဖြစ်နေကြောင်း ၎င်းကဆိုသည်။

“အလှူရှင်တွေပိုပြီးလိုအပ်နေတာပေါ့နော်။ ရှိတဲ့လူဦးရေနဲ့ကမလုံလောက်ဘဲဖြစ်နေတယ်။ စစ်ဘေးရှောင်တွေအတွက် ဝိုင်းဝန်းပြီးကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

တနင်္သာရီမြို့နယ် စစ်ရေးနည်းဗျူဟာအနီးရှိ ရေဖြူကျေးရွာတွင်မူ လွန်ခဲ့သည့် သုံးရက်ခန့်က တိုက်ပွဲများဖြစ်ပွား‌ခဲ့သဖြင့် ယနေ့အချိန်အထိ ဒေသခံများတိမ်းရှောင်နေရဆဲဖြစ်သည်။

“အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ရွာကြီးမှာ အခုဆို ခြောက်ကပ်နေတာပဲ။ ရွာသားတွေက ရွာထဲဝင်လို့မရဘူး” ဟု ရေဖြူဒေသခံ စစ်ဘေးရှောင်တစ်ဦးကဆိုသည်။

ထိတွေ့တိုက်ပွဲမဖြစ်သော်လည်း စစ်ကောင်စီတပ်က ရေဖြူအပါအဝင် တိုက်ပွဲဖြစ်ပွားရာ‌ ကျေးရွာများဘက်သို့ မကြာခဏ လက်နက်ကြီးပစ်ခတ်လေ့ရှိသဖြင့် ‌ဒေသခံများမှာ ရွာထဲပြန်မဝင်ရဲဖြစ်နေကြောင်း တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်အချို့က ပြောဆိုသည်။