ပလက်ဝက ခန်ခတောင်ဗျူဟာနှင့် ပလက်ဝ-ကျောက်တော်အစပ်က မီးဝဗျူဟာတို့ကို AA သိမ်းယူ

0
681
ပုံစာ - ပလက်ဝမြို့အနီးရှိ ခမရ ၃၀၈ တပ်ရင်းကို ဇန်နဝါရီလ ၆ ရက်တွင် AA က သိမ်းယူခဲ့စဉ်။ Photo – AA Info Desk

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခန်ခတောင်ဗျူဟာစခန်းနှင့် ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်က မီးဝဗျူဟာတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ပူးတွဲထုတ်ပြန်သည်။

ပလက်ဝတွင် လက်ကျန်စခန်းတစ်ခုဖြစ်သည့် ခန်ခတောင်ဗျူဟာစခန်းကို ဇန်နဝါရီလ ၁၃ ရက်တွင် သိမ်းယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အမြောက်အများ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ် အစပ်တွင်ရှိသည့် မီးဝဗျူဟာကုန်းကိုလည်း ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် သိမ်းယူထိန်းချုပ်နိုင်ခဲ့ကြောင်း AA က ဆိုသည်။

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ဘေးတွင်တည်ရှိသည့် တောင်ရှည်တောင်ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသဖြင့် အဆိုပါဗျူဟာကုန်းကိုလည်း ဇန်နဝါရီလ ၆ ရက်တွင် AA က သိမ်းယူခဲ့သေးသည်။

ကျောက်တော်-ပလက်ဝ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် AA က ကြိုးပမ်းနေခြင်းဖြစ်သည်။

ပလက်ဝမြို့အနီးတွင် စစ်ကောင်စီတပ်စခန်းအနည်းငယ်သာ ကျန်ရှိတော့ပြီး မြို့ကိုသိမ်းယူနိုင်ရေး ကြိုးပမ်းနေကြောင်းလည်း ရက္ခိုင့်တပ်တော် AA က ထုတ်ဖော်ပြောဆိုထားထားသည်။

ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် စသောမြို့နယ်များတွင် ဇန်နဝါရီလ ၁၂ရက်၊ ၁၃ ရက်နေ့တို့တွင် စစ်ကောင်စီ တပ်ရင်းများက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်း၊ စစ်သင်္ဘောများက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိနေသလို နေအိမ်ပျက်စီးမှုများလည်း ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။