ဖမ်းဆီးခံရသည့် သံဖြူဇရပ်မြို့ခံများ အကြမ်းဖက်ဥပဒေဖြင့် ဆက်တိုက်အမှုဖွင့်ခံနေရ

0
964

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ဖမ်းဆီးခံထားရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်ကောင်စီက ဆက်တိုက်အမှုဖွင့်နေကြောင်းမြို့ခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က ဦးမြသန်း လက်နက်နှင့်အတူဖမ်းဆီးခံရပြီးနောက် PDF နှင့် ဆက်စပ်သည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကိုကိုနှင့် မြို့ခံ စီးပွားရေး လုပ်ငန်းရှင် ၅၀ ဦးထက် မနည်းကို စစ်ကောင်စီတပ်က ဆက် တိုက်ဖမ်းဆီးခဲ့ကြောင်း မြို့ခံတို့က ပြောသည်။

ဦးမြသန်းကိုလည်း PDF ဟု စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများအနက် ဒုဦးစီးမှူး ဦးအောင်ကိုကို၊ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးသန်းဇော်၊ ဦးအောင်မြင့်၊ ဦးဖေမြင့်၊ ဦးချမ်းမွန် အပါအဝင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း နီးစပ်သည့် မြို့ခံတို့ထံမှ သိရသည်။

ဖမ်းဆီးခံထားရသူများကို သံဖြူဇရပ် ဝဲကလိတပ်နယ်တွင် စစ်ဆေးနေပြီး ငွေကျပ်သိန်း ရာချီပေးရပြီးမှ ပြန်လွတ်လာသူအချို့ရှိသလို အများစုက စစ်ဆေးခံနေရဆဲဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။

“ဖမ်းဆီးခံထားရက ၅၀ အထက် ရှိမယ်။ လောလောဆယ်တော့ ဖမ်းဆီးတာတွေက ငြိမ်နေတယ်။ ပြန်လွတ်လာတဲ့ လူအချို့ရှိပေမယ့် ဆက်ဖမ်းထားတာတွေက အများကြီးရှိနေသေးတယ်။ ရိုက်နှက်နှိပ်စက်ခံရတာတွေ ရှိတယ်” ဟု ဖမ်းဆီးခံရသူတို့နှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။

လက်နက်ခဲယမ်းနှင့်အတူ ဖမ်းခံရသည့် ဦးမြသန်းနှင့် ဦးမင်းမင်းဆိုသည့် မြို့ခံနှစ်ဦးမှာ စစ်ဆေးနေသည့် ဝဲကလိ စစ်ကြောရေးတွင် သေဆုံးသွားဟု သတင်းထွက်နေပြီး မိသားစုထံသို့ အလောင်းပြန်ပေးခြင်းမျိုး မရှိသေးကြောင်းမြို့ခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်တို့က PDF ကို ထောက်ပံ့သည်ဆိုသည့်အကြောင်းပြချက်ဖြင့် မြို့ခံများကို လိုက်လံဖမ်းဆီးခဲ့သည့် အပြင် ဟေမဝန်ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင်၏ နေအိမ်ပိုင်ဆိုင်မှုအပါအဝင် မြို့ခံနေအိမ်ပိုင်ဆိုင်မှု အလုံး ၂၀ ထက်မနည်းကိုလည်း စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၈၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။