လောင်းလုံး‌တွင် စစ်ကြောင်းကဖမ်းခေါ်ပြီးနောက် ပြန်လွှတ်လိုက်သည့်လူငယ်တစ်ဦးကို သေဆုံးလျက်ပြန်တွေ့

0
1977

လောင်းလုံးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပြန်လွှတ်ပေးလိုက်သည့် လူငယ်အမျိုးသားတစ်ဦးကို ယနေ့ ဇန်နဝါရီလ ၇ရက် ညနေပိုင်းတွင် သေဆုံးလျက်ပြန်တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ ညနေ ၄နာရီခန့်တွင် လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာအုပ်စု၊ ရပ်သိမ်ရွာ ဘုရားတောင်အနီး ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေသွားတာက ရက်တော်ကြာပြီထင်တယ်။ လိုက်ရှာနေကြတာပါပဲ။ ဒီနေ့မှပြန်တွေ့တာ” ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသူမှာ လေးသွန်းခံရွာသား အသက်၂၆ နှစ်အရွယ်ရှိ ကိုညီငယ် (ခေါ်) ကိုလှမျိုးထွန်းဆိုသူဖြစ်သည်။

လောင်းလုံးသို့ စစ်ကြောင်းထိုးစဉ် ဒီဇင်ဘာလ ၂၈ ရက်နေ့က လေးသွန်းခံရွာအနီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကိုလှမျိုးထွန်း အပါအဝင် ဖမ်းဆီးထားသူ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဇန်နဝါရီလ ၂ ရက်နေ့တွင် လွတ် ပေးလိုက်ကြောင်းဖမ်းဆီးခံရသူအချို့၏ ပြန်လည်ပြောဆိုချက်ကို ဒေသခံနောက်တစ်ဦးက ပြောသည်။

“အဲဒီနေ့က သူကို ပထမလွှတ်လိုက်တယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ လွှတ်ပေးလိုက်ပြီးနောက် ရွာသို့ ပြန်မရောက်လာသဖြင့် ဒေသခံများက လိုက်ရှာနေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုလှမျိုးထွန်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ပြင်ပဒဏ်ရာ၊ သေနတ်ဒဏ်ရာ မရှိဘဲ့တွေ့ရကြောင်း ဒေသခံတို့က ပြောသည်။

ကိုလှမျိုး‌ထွန်းမှာ အရက်အလွန်အကျွံသောက်သုံးသူဖြစ်ပြီး လေဖြန်းထားသူလည်းဖြစ်ကာ စိတ်ကျန်းမာရေး မကောင်းသူလည်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ကိုလှမျိုးထွန်းမှာ ကျန်းမာရေးမကောင်းသူဖြစ်ပြီး စစ်ကြောင်းက ဖမ်းခေါ်ချိန်တွင် ပစ္စည်းများ ထမ်းပိုးသယ်ဆောင် ပေးရသဖြင့် မောပန်းသည့်ဒဏ်ကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ ပြောဆိုကြသည်။

ကိုလှမျိုးထွန်း သေဆုံးခဲ့ရသည့် အကြောင်းအရင်းကိုမူ တိတိကျကျ မသိရသေးပေ။

ကိုလှမျိုးထွန်း၏ ရုပ်အလောင်းကို ယနေ့ ညနေပိုင်းတွင် ဒေသခံများက လေးသွန်းခံရွာကို ပြန်လည်သယ်ဆောင်လာပြီး မီးသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။