ကွတ်ခိုင်ဗျူဟာကုန်းကို တအာင်းတပ်သိမ်းယူ

0
352
ပုံစာ - မန်တုံမြို့ကို တအာင်းတပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က သိမ်းယူခဲ့စဉ်။ ဓာတ်ပုံ - TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဗျူဟာကုန်းကို ဇန်နဝါရီလ ၇ရက် ည ၁၁နာရီဝန်းကျင်တွင် သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။

ကွတ်ခိုင်ဗျူဟာကုန်းအပြင် သိန္နီအခြေစိုက် စကခ (၁၆) နောက်တန်းဌာနချုပ်ကိုလည်း ဇန်နဝါရီလ ၇ရက် နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ စခန်းသိမ်းတိုက်ပွဲ နောက်ဆက်တွဲအခြေအနေကို ဆက်လက်ထုတ်ပြန်မည်ဟု ဆိုသည်။

ကွတ်ခိုင်ဗျူဟာကုန်းတွင် ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ပတ်ဝန်းကျင်ရှိ စခန်းများကို ကွက်ကဲနေသည့် အရေးကြီးသည့် ဗျူဟာကုန်းတစ်ခုဖြစ်သည်။ ကွတ်ခိုင်တွင် စစ်ကောင်စီတပ်ရှိနေသည့် နောက်ဆုံးစခန်းကုန်းဖြစ်သဖြင့် ကွတ်ခိုင်မြို့ကို တအာင်းတပ်နှင့် မဟာမိတ်တို့က ထိန်းချုပ်နိုင်ပြီဟု ဆိုနိုင်သည်။

ကွတ်ခိုင်မြို့ကို ဒီဇင်ဘာလကုန်နေ့ကပင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ဆိုသည်။

ဇန်နဝါရီလ ၇ ရက်တွင် ကွတ်ခိုင်မြို့နယ် ဟိုကျန်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်နှင့် လွယ်အွန်း‌ကျေးရွာများသို့ စစ်ကောင်စီ တပ် က Y12 လေယာဉ်ဖြင့် ကိုးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်းနှင့် လူနေအိမ်နှစ်လုံး ပျက်စီးကြောင်း မြောက်ပိုင်းမဟာမိတ်၏ ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မိုးမြိတ်မြို့နယ်တွင်လည်း ဇန်နဝါရီလ ၇ ရက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး နောင်ချိုမြို့နယ်၊ ကျောက်မဲလေး‌ ကျေးရွာတွင်လည်း တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်သုံးလုံး မီးလောင် ပျက်စီးကြောင်း ဖော်ပြသည်။

နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအတွင်းသို့ လေကြောင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆရာမ တစ်ဦးအပါအဝင် အရပ်သားခြောက်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာအပြင်းအထန်ရပြီး နေအိမ်ခုနစ်လုံး လက်နက်ကြီးကျည်ထိမှန် ပျက်စီးကြောင်းလည်း ထုတ်ပြန်ထားသည်။

နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို တအာင်းတပ်မတော်က သိမ်းယူထားသည်။