ပျံသန်းနေစဉ် လေယာဉ်ကိုယ်ထည်ပွင့်ထွက်မှု ဖြစ်သွားခဲ့၍ ဘိုးရင်း 737 Max 9 လေယာဉ်အားလုံးကို ပျံသန်းခွင့်ရပ်ဆိုင်း

0
2713
Photos - Aviation for Aviators

ဘိုးရင်း(Boeing) 737 Max 9 လေယာဉ်တစ်စီး ပျံသန်းနေစဉ်အခိုက် လေယာဉ်ကိုယ်ထည်ပွင့်ထွက်ကာ အရေးပေါ်အခြေအနေ ဖြစ်သွားခဲ့မှုအပြီးတွင် ဘိုးရင်း737 Max 9 လေယာဉ်အားလုံးကို အမေရိကန် ဖက်ဒရယ်လေကြောင်း ထိန်းသိမ်းရေးဌာန(FAA)က ပျံသန်းမှုရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ယင်းအမျိုးအစား ဘိုးရင်းလေယာဉ်များကို စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း BBC သတင်းဌာန၏ရေးသားဖော်ပြချက်အရ သိရှိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့က အလပ်စကာလေကြောင်းပိုင် ဘိုးရင်း737 Max 9 လေယာဉ်တစ်စင်းသည် ပျံသန်းနေစဉ်အခိုက် လေယာဉ်၏ဘယ်ဘက် ဘေးကိုယ်ထည် ပွင့်ထွက်သွားခဲ့ပြီး အရေးပေါ်အခြေအနေကို ရင်ဆိုင်လိုက်ရကာ အဆိုပါလေယာဉ်ကို အော်ရီဂွန်ပြည်နယ်အတွင်း ချက်ချင်းသက်ဆင်းနိုင်စေရန် တာဝန်ရှိသူများက စီစဉ်ပေးလိုက်ရသည်။

အဆိုပါဖြစ်စဉ်ကို ကြုံဆုံလိုက်ရပြီးနောက် အမေရိကန် ဖက်ဒရယ်လေကြောင်း ထိန်းသိမ်းရေးဌာန(FAA)က ဘိုးရင်း737 Max 9 လေယာဉ်အားလုံးကို ခရီးစဉ်ပြေးဆွဲခြင်း မပြုဘဲ ယာယီရပ်နားထားရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး ယင်းညွှန်ကြားချက်တွင် အကျုံးဝင်သော ဘိုးရင်း 737 Max 9 လေယာဉ်အစီးရေပေါင်း ၁၇၁ စီးအထိ ရှိလိမ့်မည်ဟု Reuters သတင်းဌာနက ရေးသားထားသည်။

ယူနိုက်တက် လေကြောင်းလိုင်းသည် ၎င်းတို့လေကြောင်းလိုင်းပိုင် ဘိုးရင်း737 Max 9 လေယာဉ်အစီးရေပေါင်း ၇၉ စီးကို ပျံသန်းခွင့် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး စိတ်ချရလောက်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးမှသာလျှင် ဘိုးရင်း737 Max 9 လေယာဉ်များကို ခရီးစဉ်များ ပြေးဆွဲရာတွင် ပြန်လည်အသုံးပြုမည်ဟု ယူနိုက်တက် လေကြောင်းလိုင်းက အသိပေးထားသည်။

လေယာဉ်၏ဘယ်ဘက် ဘေးကိုယ်ထည် ပွင့်ထွက်သွားခဲ့သော ဘိုးရင်း737 Max 9 လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၁ ဦး၊ လေယာဉ်ဝန်ထမ်းအဖွဲ့ဝင် ၆ ဦး လိုက်ပါစီးနင်းလာခဲ့သည်ဟု သတင်းကြားသိရပြီး အမေရိကန် ဖက်ဒရယ်လေကြောင်းထိန်းသိမ်းရေးဌာန(FAA)က ဘိုးရင်း737 Max 9 လေယာဉ်များကို ပြေးဆွဲမှု ခေတ္တရပ်ဆိုင်းခိုင်းလိုက်သည့်အတွက် ခရီးစဉ်ပြေးဆွဲမှုတချို့ကို မဖြစ်မနေ ရပ်ဆိုင်းရတော့မည့်အခြေအနေများ ဖြစ်ပေါ်လာတော့မည်လည်းဖြစ်သည်။

ဘိုးရင်း 737 Max 9 သည် ဘိုရင်း၏ရောင်းအားအကောင်းဆုံး လေယာဉ်မော်ဒယ်လ်များအနက်၌ တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိအခြေအနေမှာ ဘိုးရင်းအတွက် ဖိအားဝင်စေနိုင်မည့် ပြဿနာသစ် ဖြစ်လာဖွယ်ရာ ရှိနေပြီလည်းဖြစ်သည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုဖြစ်စဉ်များအပြီးတွင် ဘိုးရင်း 737 လေယာဉ်မော်ဒယ်လ်ကို ပျံသန်းခွင့်၊ ခရီးသည်တင်ပြေးဆွဲခွင့် ၂ နှစ်ပိတ်ပင်လိုက်သည့်ဖြစ်ရပ်များ အတိတ်က ဖြစ်ပျက်ခဲ့ဖူးသည်။