ထိုင်းတွင် MoU မြန်မာလုပ်သားများကို လုပ်အားခမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ

0
968

ထိုင်း-လာအိုနယ်စပ် နခွန်ဖနွမ်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာ‌သော မြန်မာအလုပ်သမားများကို လုပ်အားခ ဘတ် ၄ သိန်းခွဲကျော် မပေးသည့်အပြင် ထိုင်းရဲကိုဖမ်းခိုင်းမည်ဆိုကာ ခြိမ်းခြောက်ခိုင်းစေနေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ၅၁ ဦးကို မြန်မာအေဂျင်စီ Zin Tun Win 999 က ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့တွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ဖြင့် နိုဝင်ဘာ ၂ ရက်နေ့က စေလွှတ်ထားခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

သို့သော်လည်း စာချုပ်ပါလုပ်ငန်းခွင်သို့မဟုတ်ဘဲ ထိုင်း-လာအိုနယ်စပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပို့ဆောင်ခြင်းခံရပြီး နိုဝင်ဘာလ ၄ ရက်နေ့မှစ၍ အလုပ်ဆင်းခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်သမားများ အလုပ်လုပ်ကိုင်ထားသော ၂၅ ရက်စာ လုပ်အားခစုစုပေါင်း ဘတ် ၄ သိန်းခွဲကျော် မရှင်းပေးသေးသည့်အပြင် အလုပ်မဆင်းပါက ထိုင်းလဝကများခေါ်ပြီး တရားမဝင် အလုပ်သမားများဟုပြောကာ မြန်မာပြည်ပြန်ပို့မည်ဟု အလုပ်ရှင်က ခြိမ်းခြောက်ခဲ့ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

“လုပ်အားခမရှင်းပေးလို့ အလုပ်မဆင်းဘူး အဲလိုပြောတာကို ဘယ်သူပြောတာလဲ တောမော (လဝက) ခေါ်ပြီး မြန်မာပြည်ပြန်ပို့ပစ်မယ်လို့ သူဌေးက အဲလိုပြောတာ။ မြန်မာပြည်မှာ အလုပ်အကိုင် ရှားပါးလွန်းလို့ မိသားစုနဲ့ခွဲခွာပြီး တိုင်းတပါးမှာ လာရောက်လုပ်ကိုင်နေကြလည်း အဆင်မပြေဖြစ်နေတာပဲ” ဟု ၎င်းကဆိုသည်။

လုပ်ငန်းခွင်အတွင်း နေရာထိုင်ခင်းများ မလုံခြုံသည့်အပြင် သောက်ရေ၊ ချိုးရေလုံလောက်မှုမရှိခြင်းနှင့် အိမ်သာတစ်လုံးကို လူ ၅၀ ကျော် မျှသုံးနေရခြင်းများ ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။

လုပ်ငန်းခွင်လုံခြုံရေးအတွက် လုံခြုံရေးဝတ်စုံ၊ ဖိနပ်၊ လက်အိတ်နှင့် ဦးထုပ်များလည်း ထုတ်ပေးခြင်းမရှိဘဲ ဆေးရုံဘတ်ကဲ့သို့ ကျန်းမာရေးအာမခံ စောက်ရှောက်မှုများလည်း မရရှိခဲ့ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

နေထိုင်စားသောက်ရန် ခက်ခဲလာသည်နှင့်အမျှ သောက်သုံးရေပင် လုံလောက်အောင် မသောက်ရသည့်အခြေအနေထိ အခက်အခဲဖြစ်လာသဖြင့် လာရောက်ကူညီဖြေရှင်းပေးရန် မြန်မာအလုပ်သမားကူညီရေးအဖွဲ့ WAG ထံသို့ ဒီဇင်ဘာလကတည်းက တိုင်ကြားထားကြောင်း အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများကို ကူညီဖြေရှင်းပေးရန် မြန်မာအေဂျင်စီ Zin Tun Winn 999 ကို ဒီဇင်ဘာလတည်းက ဆက်သွယ်ခဲ့ပြီး အေဂျင်စီဘက်က နေ့ရွှေ့ညရွှေ့လုပ်နေကာ သတ်သတ်မှတ်မှတ် ဖြေရှင်းပေးခြင်းမရှိကြောင်း အလုပ်သမားများနှင့် WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဆိုသည်။

“လက်ရှိ သူတို့ဘက်က ဖြေရှင်းပေးနေတာ တအားအားနည်းနေတယ်။ ပါးစပ်က ရှင်းပေးနေလို့ မရဘူးလေနော်။ အလုပ်သမားတွေက စားဖို့နေဖို့အထိ ခက်ခဲလာတယ်။ စားဖို့မရှိတော့တဲ့အထိ တော်တော်လေး ဆိုးဝါးလာတယ်ပေါ့။ ပြောရမယ်ဆိုရင်ဗျာ အေဂျင်စီဘက်က ဂရုမစိုက်တဲ့ အနေအထားပေါ့” ဟု ၎င်းကဆိုသည်။

အလုပ်သမားအခက်အခဲများကို အဖွဲ့ကတစ်ဆင့် သံရုံးဘက်ကို အကြောင်းကြားသော်လည်း ဟိုရက်ရွှေ့ ဒီရက်ရွှေ့ဖြင့် လုံလောက်သည့် ဖြေရှင်းချက်မျိုး မရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါအခက်အခဲများနှင့် ပတ်သက်၍ မြန်မာအေဂျင်စီ Zin Tun Win 999 ကို ဖုန်းဆက်သွယ်မေးမြန်းရာ မနက်ဖြန် အလုပ်သမားများထံ သွားရောက်၍ အခြေအနေ အခက်အခဲများကို မေးမြန်းကာ အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် မြန်မာအလုပ်သမားများသည် လုပ်အားခအမြန်ဆုံး ပြန်လည်ရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း အဆင်ပြေအောင် ဖြေရှင်းမပေးနိုင်ပါက ဘိုင်ကျန့်အော် (အလုပ်ထွက်စာ) ထုတ်ပေးစေလိုကြောင်း အလုပ်သမားများက တောင်းဆိုထားသည်။

မြန်မာနိုင်ငံက ငွေကုန်၊ အချိန်ကုန်ခံပြီး ထိုင်းတွင် တရားဝင် လုပ်ကိုင်နိုင်ရေး MoU စနစ်ဖြင့် အလုပ်လာလုပ်နေကြသော်လည်း အေဂျင်စီများ၏ တာဝန်မဲ့မှုနှင့် သံရုံး၏ ဖြေရှင်းပေးမှု အားနည်းမှုများကြောင့် MoU အလုပ်သမားများ လတ်တလော ဒုက္ခရောက်မှုများပြားလာနေကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ထောက်ပြထားသည်။