လွတ်လပ်ရေးနေ့တွင် သောင်းကျန်းနေသည့်မျောက်ကို ထားဝယ်မီးသတ်ဖမ်းဆီး

0
1300

လွတ်လပ်ရေးနေ့ဖြစ်သော ယနေ့(ဇန်နဝါရီ ၄)တွင်နေအိမ်များအပေါ် ပြေးလွှားသောင်းကျန်းနေသည့် မျောက်ကို ရပ်ကွက်နေသူများက တိုင်ကြားသဖြင့် သွားရောက်ဖမ်းဆီးထားကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါမျောက်သည် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ထားဝယ်မြို့ပိန္နဲတောရပ်ကွက်ရှိ နေအိမ်များပေါ် တက်ရောက် ပြေးလွှားနေမှုကြောင့် ရပ်ကွက်နေပြည်သူများ၏ အကူအညီတောင်းခံမှုအရ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များမှ သွားရောက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဟိုအိမ်ခုန် ဒီအိမ်ခုန်လုပ်နေတာကြောင့် ကျွန်တော်တို့ သွားပြီး ထိန်းသိမ်းထားတယ် အစာတွေလည်း ကျွေးထားပါတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

အဆိုပါမျောက်ပိုင်ရှင်မှာ ယနေ့ ၂ နာရီဝန်းကျင်ခန့်အထိ မပေါ်သေးသဖြင့် ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာပင် ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူကဆိုသည်။

ပိုင်ရှင်မှန်များအနေဖြင့် အဆိုပါမျောက်ကို ထားဝယ်မြို့နယ်မီးသတ်စခန်းတွင် သက်သေအထောက်အထားပြ၍ လာရောက်ထုတ်ယူနိုင်ကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ကလည်း ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက် စပယ်လမ်းတွင် သစ်ပေါ်မှမဆင်းနိုင်သည့် ကြောင်တစ်ကောင်အား ထားဝယ်မီးသတ်က ကယ်ဆယ်ခဲ့ရဖူးသည်။

အရေးပေါ်အကူအညီလိုအပ်ခြင်းနှင့် မီးလောင်ပါကလည်း ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနဖုန်း များဖြစ်သည့် ၁၉၁ ၊၀၅၉၂၁၀၁၇၊၀၉၆၉၆၁၉၁၁၉၁ ဖုန်းများကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။