သပြေရှောင်ရွာတွင် မီးရှို့ခံရသည့်အိမ် တစ်ဆယ်ကျော်အထိရှိလာ

0
594

လောင်းလုံးမြို့အောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၃ ရက်က သပြေရှောင်ကျေးရွာသို့ ရောက်ရှိပြီး နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ထိုနေ့ နံနက် ၁၁ နာရီခန့်တွင် သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောရွာရှိ အိမ်သုံးဆေးဝါးရောင်းချသည့်ဆိုင်တစ်ဆိုင်အား စတင်မီးရှို့ခဲ့ပြီးနောက် ညနေ ၃ နာရီခန့်တွင်မူ ဟင်းချိုတောရွာရှိ နေအိမ် ရှစ်ဆောင်၊ ရင်ထဲရွာရှိ နေအိမ် ငါးဆောင်ကို ထပ်မံမီးရှို့ကြောင်း ဒေသခံအချို့က ဆိုသည်။

“မီးရှို့ခံရတဲ့အထဲမှာ အရက်ဆိုင်တစ်ဆိုင်လည်း ပါသေးတယ်။ အခုလောလောဆယ်အထိတော့ ကျွန်တော်တို့သိထားတာ အဲဒီလောက် (၁၄ ဆောင်) တော့ ရှိတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံအမျိုးသာတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က သပြေရှောင်ကျေးရွာအုပ်စုထဲတွင် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး နေအိမ်များကို မွှေနှောက်ရှာဖွေ မီးရှို့ဖျက်ဆီးပြီးနောက် ဟင်းချိုတောရွာဘုန်းကြီးကျောင်း၊ သပြေရှောင်ရွာဘုန်းကြီးကျောင်းတို့တွင် ညအိပ်စခန်းချ ရပ်နားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံများ ရှိနေသော်လည်း လူဦးရေမည်မျှအဖမ်းခံထားရသည်ကို တိတိကျကျ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။

အင်အား တစ်ရာကျော်ပါသည့် အဆိုပါစစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် သပြေရှောင် ကျေးရွာ အောက်ဘက်သို့ ထပ်မံစစ်ကြောင်းထိုးမည်ဟု သတင်းထွက်ပေါ်နေသဖြင့် အနီးအနားရှိ ဒေသခံများ ထွက်ပြေး‌တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် သပြေရှောင်ကျေးရွာအုပ်စုအား မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး မီးရှို့မှုများ မကြာခဏပြုလုပ်လေ့ရှိသည်။

သပြေရှောင်ကျေးရွာ ထားဝယ်မြစ်ကမ်းဘေးရှိ ရေလုပ်သားတဲ (စန္ဒားတဲ) များမှာ စစ်‌ကောင်စီတပ်မီးရှို့ဖျက်ဆီးမှုကို နှစ်ကြိမ်ခံခဲ့ရဖူးသည်။

ယင်းအပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်ကလည်း ဟင်းချိုတောရွာရှိ နေအိမ် ငါးဆောင်ကို ပျူစောထီးအဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။