အကျဉ်းသား ကိုးထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေး

0
750
ပုံစာ - ရန်ကုန် အင်းစိန်ထောင်ရှေ့မြင်ကွင်း (၂၀၂၂ ခုနှစ်က ပုံဟောင်းဖြစ်သည်)

၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ထုတ်ပြန်ကြေညာသည်။

နိုင်ငံတဝန်းအကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန်လျှင် ယခုကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဟု ကန့်သတ်ချက်ဖြင့် လွတ်ပေးခြင်းဖြစ်သည်။

လွတ်ငြိမ်းခွင့်ရသူများအနက် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ မည်မျှပါဝင်သည်ကို မသိရသေးပေ။

နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကိုမူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးနောက် ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံခဲ့ရသူ ၂၅၀၀၀ ကျော်ရှိပြီး ယင်းအနက် ၁၉၀၀၀ ကျော်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ရှစ်ထောင်ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။