စစ်ရဟတ်ယာဉ်ပစ်ချခံရမှု ခြောက်ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦးဖမ်းမိဟုထုတ်ပြန်

0
5629

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်ရဟတ်ယာဉ် ပစ်ချခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦး ဖမ်းမိကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲ ထုတ်ပြန်ထားသည်။

နာဖာ့တပ်စခန်းကို ရိက္ခာနှင့် လက်နက်ခဲယမ်း လာရောက်ပို့ဆောင်သည့် Mi-17 ရဟတ်ယာဉ်တစ်စီးကို ညီနောင်သုံးဖွဲ့၏ မဟာမိတ်ဖြစ်သည့် KIA က ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာရထားသည့် ရဟတ်ယာဉ်မှူးဖြစ်သူ စစ်တက္ကသိုလ် DSA အမှတ်စဉ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့်ကို ဖမ်းမိထားပြီး တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်စံသိန်းမှာ သေဆုံးကြောင်း လူမှုကွန်ရက်တွင် သတင်းပျံ့နေသည်။

စစ်ကောင်စီက ဇန်နဝါရီလ ၃ရက် နေ့လယ်ပိုင်းတွင် လက်နက်နှင့် ရိက္ခာလာပို့သည့် ရဟတ်ယာဉ်နှစ်စင်းအနက် တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုထားသည်။

ရဟတ်ယာဉ် ပစ်ခတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။