ပုလော PDF ဒုတပ်ရင်းမှူးက လက်အောက်ငယ်သားကို သေနတ်ချိန် ခြိမ်းခြောက်၊ လာညှိနှိုင်းသူကို ပါးရိုက်ဟုဆို

0
24228

မြိတ်ခရိုင်တပ်ရင်း (၁) ပုလော PDF တာဝန်ခံ ဒုတပ်ရင်းမှူးတစ်ဦးက မွမ်းမံသင်တန်း မတက်သော တပ်သားကို လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်မပေးဘဲ သေနတ်ချိန် ခြိမ်းခြောက်ခဲ့ပြီး ကိုယ်ထိလက်ရောက်ပြုမူသည့်အပြင် လာရောက်ညှိနှိုင်းသူကိုပါ ပါးရိုက်ကြောင်း တပ်ရင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရဲဘော်ရောင်နီသည် မွမ်းမံသင်တန်း မတက်လိုသဖြင့် မည်သူ့ကိုမျှ တိုင်ကြား ခွင့်တောင်းခဲ့ခြင်းမရှိဘဲ ဘဏ္ဍာရေးရုံးကို ပြန်လာခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ညနေပိုင်းတွင် ဒုတပ်ရင်းမှူး ကျော်ထင်အောင်နှင့်အပေါင်းအပါများက ဘဏ္ဍာရေးရုံးကို ရောက်လာခဲ့ပြီး ရဲဘော်ရောင်နီကို သေနတ်ဖြင့်ချိန်ကာ ကိုယ်ထိလက်ရောက် အပြစ်ပေးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

အပြစ်ပေးရာတွင် လုပ်ထုံးလုပ်နည်းအတိုင်းမလုပ်ပဲ ခေါင်းကို သေနတ်ဒင်နှင့် ရိုက်နှက်ခဲ့ကာ သေနတ်ဖြင့် ချိန်ရွယ်၍ ခြိမ်းခြောက်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“ပုံမှန်ဆိုရင် ရဲဘော်တစ်ယောက် စည်းကမ်းဖောက်ရင် တပ်ရင်းက စစ်ဦးစီးဌာနချုပ်က အရေးယူပြီးတော့ အချုပ်ချလည်း အချုပ်ချ။ ထိန်းကျောင်းဆိုလည်း ထိန်းကျောင်းပေါ့ဗျ။ အဲဒီလိုလုပ်ရတဲ့အချိန် တပ်ရင်းမှူးက တပ်ရင်းကို အကြောင်းမကြားဘဲ သူကိုယ်တိုင် ဘောင်ကျော်ပြီးလုပ်တဲ့ ပြဿနာမျိုး” ဟု ၎င်းကဆိုသည်။

အပြစ်ပေးပြီးနောက် ဘဏ္ဍာရေးရုံးမှ တပ်ရင်းသို့ ရဲဘော်ရောင်နီကို အချုပ်သားအနေဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် အချုပ်ချထားလိုက်ကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပက်သက်၍ CDM ကျောင်းဆရာလည်းဖြစ် မြေပြင်ကျောင်းဆရာလည်းဖြစ်သော ဆရာစံမျိုးအောင်သည် ဒုတပ်ရင်းမှူးထံ သွားရောက်စကားပြောဆိုရာတွင်လည်း ဒုတပ်ရင်းမှူးက ပါးထရိုက်ခဲ့သေးကြောင်း ဆရာစံမျိုးအောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဆရာစံမျိုးအောင်က သေနတ်ဖြင့် ချိန်၍ အသက်ခြိမ်းခြောက်ခွင့်ရှိသလော ဟု မေးမြန်းရာ ဒုတပ်ရင်းမှူး၏ မျက်လုံးကို စိုက်ကြည့်သည်ဆိုပြီး ပါးထရိုက်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူက ပြောသည်။

“သက်သက်မဲ့ လုပ်လို့ရတိုင်း လုပ်နေတာပေါ့။ သူတို့မှာ သေနတ်ရှိတယ်။ စံမျိုးအောင်မှာ သေနတ်မရှိဘူးလေ။ အကြောက်တရားနဲ့ အုပ်ချုပ်ချင်နေတာပေါ့” ဟု ဆရာစံမျိုးအောင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ဆရာစံမျိုးအောင်သည် ဘဏ္ဍာရေးရုံးကို ပြန်လည်ရောက်ရှိလာပြီးနောက် နေရာခေတ္တပြောင်းရွှေ့ လိုက်ရကာ လုံခြုံရေးအရ စိုးရိမ်တကြီးဖြင့် သတိထားပြီး‌ နေနေကြရကြောင်း နီးစပ်သူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပက်သက်၍ ဒုတပ်ရင်းမှူး ကျော်ထင်အောင်၏ ဖုန်းကို ဆက်သွယ်ရာတွင် ဖမ်းဆီးအရေးယူသည့် နေရာတွင် အနည်းငယ်ကြမ်းတမ်းသွားကြောင်း ပြောဆိုသည်။

“သင်တန်းသားတစ်ယောက်ကို ဖမ်းဆီးတဲ့နေရာမှာ ကျွန်တော့်ဘက်က ကြမ်းသွားတာပေါ့ဗျာ။ ကြမ်းသွားတယ်ဆိုတာက လည်း အပြစ်ရှိတဲ့ ရဲဘော်ပဲဖြစ်ဖြစ် ဖမ်းဆီးတဲ့နေရာမှာ သူ့ရဲ့အခြေအနေကိုကြည့်ပြီး ဖမ်းဆီးရမှာပဲ။ အဲဒီအထဲမှာ ပြည်သူ တွေရဲ့အမြင်က အဲဒီလို မဖြစ်စေချင်ဘူးပေါ့ဗျာ။ ဆိုတော့ ကျွန်တော့်အနေနဲ့ ပြည်သူလူထုကိုတော့ တောင်းပန် ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆရာစံမျိုးအောင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းကလည်း အစည်းအဝေးပြုလုပ်နေချိန် ခွင့်မတောင်းဘဲ ဝင်လာသည့် အပြင် ၃မိနစ်ခန့် စိုက်ကြည့်နေ၍ အထက်လူကြီးက ဆုံးမခြင်းဖြစ်ပြီး လက်ပါသွားခြင်းသာဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။

လက်ရှိအချိန်တွင် စည်းကမ်းချိုးဖောက်မိသော ရဲဘော်ရောင်နီကိုသာ ဖမ်းဆီးထားပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သော ဒုတပ်ရင်းမှူးကို အရေးယူနိုင်ခြင်းမရှိသေးကြောင်း တပ်ရင်းနှင့် နီးစပ်သူများထံမှ သိရသည်။

လက်အောက်ငယ်သားကို လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်ပေးအရေးယူခြင်းမရှိဘဲ ကိုယ်ထိလက်ရောက်အပြစ်ပေးကာ သေနတ်ချိန် ခြိမ်းခြောက်ခဲ့သည့်အတွက် ဒုတပ်ရင်းမှူးကို အပြစ်ပေးအရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန (NUG-MOD) သို့ တိုင်ကြားထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ယခင်ကလည်း ဒုတပ်ရင်းမှူးသည် CDM ဆရာမတစ်ဦးအား သက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးစစ်ဆေးခဲ့သလို့ ယခု ဆရာစံမျိုးအောင်ကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အတွက် NUG-MOD အနေဖြင့် တရားမျှတပြီး သမာသမတ်ကျစွာ ဖြေရှင်းပေးပြီး အချိန်ကြန့်ကြာမှုမရှိဘဲ လူထုကို အမြန်ဆုံးချပြပေးရန် အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီကလည်း တောင်းဆိုထားသည်။