ခရီးသည် ၃၀၀ ကျော်ပါ ဂျပန်လေယာဥ် ပြေးလမ်းကိုဆင်းစဉ် တိုက်မိပြီးမီးလောင်

0
1408

ခရီးသည်နှင့်ဝန်ထမ်း ၃၇၉ ဦး လိုက်ပါလာခဲ့သည့် ဂျပန်လေကြောင်းပိုင် ခရီးသည်တင် လေယာဥ်မှာ တိုကျိုမြို့ရှိ ဟာနဲဒါလေဆိပ် (Henada) ပြေးလမ်းကို ဆင်းသက်စဉ် အခြားလေယာဉ်တစ်စီးနှင့်တိုက်မိခဲ့ပြီး မီးလောင်သွားကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီ ၂) ညနေပိုင်းတွင် ပြေးလမ်းသို့ ဆင်းသက်ချိန် ငလျင်ဒဏ်ခံရသောနေရာများကို ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးနေသော ကမ်းခြေစောင့်လေယာဥ်တစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အာဏာပိုင်များ၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။

လေယာဥ်ပေါ်ပါ ခရီးသည်နှင့် ဝန်ထမ်းအားလုံးကို ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း တစ်ဖက်လေယာဉ်ပေါ်လိုက်ပါလာသူ ၆ ဦးအနက် ၅ ဦး သေဆုံးခဲ့ပြီး လေယာဉ်မောင်းသူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း CNN ၏ ဖော်ပြချက်အရ သိရသည်။

လေယာဥ်ပြတင်းပေါက်နှင့် အောက်ပိုင်းမှတစ်ဆင့် မီးတောက်များ တိုးထွက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပြေးလမ်းလည်း မီးလောင်ကျွမ်းခဲ့ကြောင်း NHK ရုပ်သံဌာနက ဖော်ပြသော ရုပ်သံတွင် မြင်တွေ့ရသည်။

ဂျပန်လေကြောင်းလိုင်းပိုင် လေယာဥ် JAL flight 516 သည် ဟော့ကိုင်းဒိုးမြို့ရှိ ဆာပိုရိုလေဆိပ်မှ ပျံသန်းလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် အပျက်အစီး အတိုင်းအဆကို သိရှိနိုင်ရန် ကြိုးစားဆဲဖြစ်ပြီး အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း လေကြောင်းလိုင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။

နှစ်သစ်ကူးနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းက လှုပ်ခပ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်လည်း သေဆုံးသူအရေအတွက် ၅၀ နီးပါး ရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

Ref: NHK, CNN, BBC