ဘိန်းစာရွက်ပြုတ်ရည် ရောင်းချလျှင် ဖမ်းဆီးခံရမည်ဟု ထိုင်းရဲတပ်ဖွဲ့သတိပေး

0
1131

ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချခြင်းသည် တရားမဝင်သဖြင့် ရောင်းချသူများ ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ထိုင်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးစာရင်းက ပယ်ဖျက်ခဲ့ပြီး နိုင်ငံတဝန်း ရောင်းချမှုမြင့်တက်လာခဲ့ပြီးနောက် ဘိန်းစာရွက် ပြုတ်ရည် ရောင်းချခြင်းသည် တရားမဝင်ကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာလာခဲ့ခြင်းဖြစ်သည်။

Metropolitan Police Bureau စာမျက်နှာက ဘိန်းစာရွက်ပြုတ်ရည်ရောင်းချခြင်းသည် အပြစ်ရှိကြောင်း ကြေညာခဲ့ပြီး “ဘိန်းစာရွက် ရောင်းချခြင်းသည် အပြစ်ရှိလား။ တရားမဝင်ဘူးလား” ဟူသော မေးခွန်းကိုပြန်လည် ဖြေကြားသည့် ပုံစံဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဘိန်းစာရွက်ပင်ကို စိုက်ပျိုးခြင်း၊ ဝယ်ယူရောင်းချခြင်းကိုမူ အပြစ်မရှိကြောင်း ကြေညာထားသည်။

ဘိန်းစာရွက်၊ ပင်စည်နှင့် အစေ့ စသော ပစ္စည်းများ ရောင်းချခြင်းသည်လည်း အပြစ်မရှိကြောင်း ကြေညာထားသည်။

ဘိန်းစာရွက်ကို ကိုယ်တိုင်ပြုတ်၍ သောက်သုံးခြင်း၊ အခြားသူများကို မရောင်းချဘဲ ပေးခြင်းသည်လည်း အပြစ်မရှိကြောင်း ကြေညာထားသည်။

ဘိန်းစာရွက်ကို ပြုတ်၍ ရောင်းချခြင်းကိုမူ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အစားအသောက်ဥပဒေအရ တားမြစ်ထားသေးကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဘိန်းစာရွက်ပြုတ်ရည်ကို အခြားဆေးဝါးများဖြင့် ရောနှော၍ ထုတ်လုပ်ခြင်း၊ ဝယ်ယူရောင်းချခြင်းများ ပြုလုပ်ပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

အကယ်၍ ဖမ်းဆီးခံရပါက ထောင်ဒဏ် ၆ လမှ ၂ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၂၀၀၀၀ အထိဖြစ်စေ ကျခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Ref: PPTV, Amarin 34 HD, Khaosod Online