တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်

0
2203
ပုံစာ -စစ်ဆေးရေး ဂိတ်အား သွားရောက်ပစ်ခတ်နေသည့်ရဲဘော်တစ်ဦး

တနင်္သာရီမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တနင်္သာရီ ပကဖ အဖွဲ့ဝင် တောင်ပံနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရသည့် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ စစ်ကောင်စီဂိတ်သည် ပြီးခဲ့သည့်နှစ် မတ်လနှင့်စက်တင်ဘာလကလည်း ပစ်ခတ်တိုက်ခိုက်ခံရဖူးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်ကလည်း မြိတ်မြို့နယ်၊ တဂံရွာရှိ တိုးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဂိတ်စောင့် ၄ ဦးကို စစ်ဆေးမေးမြန်းကာ ပြန်လွတ်ပေးခဲ့ကြောင်း တနင်္သာရီ ပကဖက သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည်။