ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
686

ယခုအပတ် ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြခဲ့သည်။

စက်သုံးဆီဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်ရွှေဈေးမှာ အတက်အကျနည်းခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ အလှုပ်အခတ်ရှိ ခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခုနစ်သိန်းခုနစ်သောင်း(၃၇၇၀၀၀၀ ကျပ်) ခန့် ဈေးဖွင့်ခဲ့သည်။

ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြလာပြီး တစ်ဘတ်လျှင် ဈေးတန်းအမြင့်သို့ ရောက်လာခဲ့သည်။

အမြင့်ဆုံးဈေးအဖြစ် ထိုင်းငွေတစ်ဘတ်လျှင် ၉၉ ကျပ်စွန်းစွန်းအထိ ဈေးဖွင့်ခဲ့ပြီး ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၂၀ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာမူ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားပြီး ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။

၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၆၂၀ ကျပ်မှ ၂၆၃၀ ကျပ်အကြား ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၅၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အလှုပ်အခတ်နည်းခဲ့သည့် အခေါက်ရွှေဈေးမှာ လာမည့်အပတ်တွင်လည်း လက်ရှိဈေးနှုန်းအတိုင်းပင် အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေနိုင်သည်။

နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့် နိုင်ငံစီးပွားရေးမတည်ငြိမ်မှုများအပြင် ကမ္ဘာ့ရွှေဈေး အညွှန်းကိန်းကလည်း ဈေးတန်းအမြင့်ကို ရောက်နေသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ကမ္ဘာ့ရွှေပေါက်ဈေးအရ တစ်အောင်စလျှင် ၂၀၆၃ ဒေါ်လာဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင်၂၀၅၃ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

ထိုအခင်းအကျင်းများကြောင့် ပြည်တွင်းရွှေဈေးမှာ တက်ရိပ်ပြလာနိုင်သော်လည်း အတက်မကြမ်းနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့် ဆက်နွယ်နေသည့်အတွက် ဆက်ပြီးတက်ရိပ်ပြနေနိုင်သော်လည်း အတက်အကျကြမ်းမည့် အနေအထားမရှိပေ။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ဒေါ်လာငွေလဲနှုန်းကလည်း ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေနှင့် အမေရိကန်၏ အရေးယူပိတ်ဆို့ခြင်းများကြောင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မည့်အရေးမှာ အစိုးမရဖြစ်နေသည်။

ထို့ကြောင့် စက်သုံးဆီဈေးမှာ အတက်အကျကြမ်းမည့် အရိပ်အယောင် မတွေ့ရဘဲ လက်ရှိနှုန်းထားအတိုင်းပင် ဆက်ရှိနေမည်ဖြစ်သည်။