တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1070

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ

မြန်မာနိုင်ငံရဲ့ မြို့နယ်ထက်ဝက်ကျော် မိုင်းအန္တရာယ်ရှိ

မြန်မာနိုင်ငံရဲ့ မြို့နယ်ထက်ဝက်ကျော်ဟာ မြေမြှုပ်မိုင်းအန္တရာယ်ကျရောက်နေပြီး ပြီးခဲ့တဲ့ ၂၂ နှစ်တာကာလအတွင်းမှာ မိုင်း​ကြောင့် လူတစ်ထောင်ကျာ် သေဆုံးခဲ့ရသလို ငါးထောင်နီးပါးလည်း ဒဏ်ရာရခဲ့ပါတယ်။

မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor) ရဲ့ ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြတာပါ။ အာဏာသိမ်းပြီးနောက်မှာ မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေပါတယ်။ ၂၀၂၀ နဲ့ နှိုင်းစာရင် ၆၈ မြို့နယ် တိုးလာတာပါ။ ဒါ့အပြင် ၂၀၂၂ မှာ မြေမြှုပ်မိုင်းကြောင့် ၃၈၀ ကျော်သေဆုံးပြီး ၁၆၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ကလေးငယ် တစ်ရာကျော်လည်း ပါဝင်နေပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေ၊ ဘုရားကျောင်းကန်တွေ၊ အများပြည်သူပိုင် အဆောက်အအုံတွေ၊ နေအိမ်အနီးမှာ မိုင်းထောင်ထားလေ့ရှိသလို ဖုန်းတာဝါတိုင်တွေ၊ စွမ်းအင်ပိုက်လိုင်းတွေအနီးနဲ့ စစ်စခန်းတွေအနီးမှာလည်း ကာကွယ်ဖို့ အတွက် မိုင်းတွေ ထောင်ထားလေ့ရှိတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

စစ်ကောင်စီတပ်က လူသတ်မိုင်းတွေကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီတွေမှာ အသုံးပြုတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်က ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ မြေမြှုပ်မိုင်းတွေ သုံးနေတယ်လို့ ဖော်ပြပါတယ်။

အခြားတစ်ဖက်မှာ စစ်ကောင်စီတပ်ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း မြေမြှုပ်မိုင်း အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

……………………………………

စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ ကူမင်းဆွေးနွေးပွဲ ပြေလည်မှုမရ

ရှမ်းမြောက်မှာ စစ်ရေးအရှိန်လျော့ကျရေးအတွက် စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှုမရခဲ့ပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ရဲ့ စီစဉ်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်၊ တအာင်းတပ်၊ ရခိုင်တပ်တို့ဟာ ဒီဇင်ဘာလ ၂၂ ရက်ကနေ ၂၄ ရက်အထိ သုံးရက်ကြာ ဆွေးနွေးခဲ့ကြတာပါ။

တပ်နေရာပြောင်းရွှေ့ချထားရေးနဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို အကျေအလည် ဆွေးနွေးခဲ့ကြပေမဲ့ မအောင်မြင်ဘူးလို့ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

နှစ်ဖက်တောင်းဆိုချက်တွေဟာ ကွာဟလွန်းတာကြောင့် ဘာရလဒ်မှ မထွက်ဘူးလို့လည်း RFA မြန်မာပိုင်း သတင်းတစ်ရပ်က ဆိုပါတယ်။ နောက်တစ်ကြိမ် ဇန်နဝါရီလထဲမှာ ဆွေးနွေးဖို့ သဘောတူထားလို့လည်း ဆိုပါတယ်။

……………………………………

ပို့ကုန်ရငွေတွေကို ရက် ၃၀အတွင်း ဘဏ်ထဲထည့်သွင်းဖို့ စစ်ကောင်စီပြော

ပို့ကုန်ရငွေတွေကို ရက် ၃၀အတွင်း ဘဏ်ထဲထည့်သွင်းရမယ်ဆိုပြီး စစ်ကောင်စီ ဗဟိုဘဏ်က အချိန်ကန့်သတ်ချက်ကို တင်းကျပ်လိုက်ပါတယ်။

အရင်က အာရှနိုင်ငံတွေကို ပို့တဲ့ ပို့ကုန်ရငွေကို ရက် ၉၀အတွင်း သွင်းရမယ်လို့ ခွင့်ပြုထားရာကနေ ၄၅ ရက်သို့ တစ်ကြိမ် ပြောင်းလဲခဲ့ပါတယ်။ အခုတစ်ကြိမ် ဒီဇင်ဘာလ ၂၅ရက်မှာတော့ ရက် ၃၀ အတွင်း ထည့်သွင်းရမယ်လို့ ပြင်ဆင်လိုက်တာပါ။

အာရှ မဟုတ်တဲ့ တခြားနိုင်ငံ ပို့ကုန်တွေကိုတော့ ရက် ၉၀ အစား ရက် ၆၀အတွင်း ထည့်သွင်းရမယ်လို့လည်း ပြင်ဆင်သတ်မှတ်ထားပါတယ်။

ဒီလိုသတ်မှတ်လိုက်တာဟာ စီးပွားလုပ်ရကိုင်ရာတာ ပိုမိုအခက်တွေ့စေတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုထားကြသလို စစ်ကောင်စီက နိုင်ငံခြားငွေ လိုနေတာကြောင့် အခုလို ကန့်သတ်လာတာလို့လည်း ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။

ပို့ကုန်ရငွေထဲက ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်စျေးအတိုင်း လဲလယ်ရောင်းချခွင့်ပေးထားပြီး ၃၅ ရာခိုင်နှုန်းကိုတော့ စစ်ကောင်စီ ဗဟိုဘဏ် သတ်မှတ်တဲ့ အမေရိကန် တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ လုပ်ငန်းရှင်တွေက လဲလှယ်နေကြရပါတယ်။

……………………………………

နမ္မတူနဲ့ မန်တုံမြို့တွေကို တအာင်းတပ်သိမ်းယူ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူနဲ့ မန်တုံမြို့တွေကို တအာင်းတပ်မတော် TNLA က သိမ်းယူလိုက်ပါတယ်။

သတ္တုတွင်းတွေရှိတဲ့ နမ္မတူမြို့မှာ စစ်ကောင်စီတပ် ဗျူဟာမှူးအခြေချကွက်ကဲနေတဲ့ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းတွေကို စတင်တိုက်ခိုက်ပြီး သုံးရက်အကြာ ဒီဇင်ဘာလ ၂၈ရက်နေ့မှာ သိမ်းယူပြီး မြို့ကိုအလုံးစုံ ထိန်းချုပ် လိုက်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ် ၆၀ ကျော် လာရောက်တိုက်ခိုက်ခဲ့သလို ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ မြို့ထဲကို အကြိမ် ၉၀ ကျော် ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မန်တုံမြို့မှာလည်း စစ်ကောင်စီဗျူဟာမှူး အခြေချကွက်ကဲနေတဲ့ တပ်စခန်းတွေကို စတင်တိုက်ခိုက်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၂၂ ရက်မှာ တအာင်းတပ်မတော်က သိမ်းယူခဲ့ပါတယ်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်း ကနေ အကြိမ် ၂၆၀ ကျော် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း အကြိမ်ရေ ၁၃၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုပစ်ခတ်တာတွေကြောင့် နမ္မတူ၊ မန်တုံ မြို့သိမ်းတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးတာ၊ ဘာသာရေး အဆောက်အအုံတွေ၊ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ မိုင်းလုံ၊ နမ့်ခမ်း၊ နမ့်ဆန် မြို့တွေကိုလည်း သိမ်းယူထားတာကြောင့် တအာင်းတပ်မတော်က သိမ်းယူထားတာ ငါးမြို့အထိ ရှိလာပြီဖြစ်ပါတယ်။

……………………………………

မြောက်ဦးရှေးဟောင်းပြတိုက် လက်နက်ကြီးထိမှန်၊ အရပ်သားတွေလည်းသေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို ရှေးဟောင်းပြတိုက်လည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပါတယ်။

မြောက်ဦးခရိုင်ရဲစခန်းနဲ့ သူတော်မတောင်ကုန်းကို ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက် ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် မြို့ပေါ်မှာ ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးခဲ့ပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ ၂၅ရက်မှာ စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြောက်ဦးမြို့ထဲက ရှေးဟောင်းပြတိုက်လက်နက်ကြီးထိမှန်ပြီး နှစ်ထောင်ချီရှိတဲ့ ကျောက်စာတွေ ပျက်စီးခဲ့တယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနစ် ယူနက်စကို တင်သွင်းဖို့ ၂၀၁၇ ခုနှစ်ကပင် ကြိုးပမ်းနေတာပါ။

စစ်ကောင်စီဘက်ကတော့ AA က ရှော့တိုက်ဒုံးနဲ့ ရဲစခန်းတွေကို ပစ်တာကနေ ထိမှန်တာလို့ စွပ်စွဲထားပါတယ်။

အဲဒီနောက်ပိုင်းမှာ AA က ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ဘက်က လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်တာတွေကြောင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် အရပ်သား ၁၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ မြို့ခံတွေလည်း မြို့ကိုစွန့်ခွာထွက်ပြေးနေကြရပါတယ်။

……………………………………

ဗျူဟာကုန်းအပါအဝင် စခန်းသုံးခု AA သိမ်းယူ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင်ရဲစခန်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဝဲဗျူဟာကုန်းနဲ့ အိန္ဒိယ-မြန်မာနယ်စပ်က ပွိုင့် ၃၇၇ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူလိုက်တယ်လို့ ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၆ရက်နေ့မှာ မြောက်ဦးခရိုင်ရဲစခန်း သိမ်းယူခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့နဲ့ ၂၈ရက်နေ့တွေမှာ ခဝဲဗျူဟာကုန်းနဲ့ ပလက်ဝဒေသက ပွိုင့် ၃၇၇ စခန်းတွေကို သိမ်းယူခဲ့တာလို့ ဖော်ပြပါတယ်။

ရခိုင်နဲ့ ပလက်ဝဒေသမှာ နောက်ထပ်ကျန်ရှိနေသေးတဲ့ စစ်ဆင်ရေးပစ်မှတ်တွေကို ဆက်လက်သိမ်းယူမယ်လို့လည်း ဆိုပါတယ်။

……………………………………

မိုဆိုရွာဖြစ်ရပ် အပြစ်ပေးနိုင်အောင်လုပ်မယ်

အရပ်သားအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖရူဆိုမြို့နယ် မိုဆိုရွာဖြစ်ရပ်မှာ ကျူးလွန်သူတွေကို အပြစ်ပေးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။

ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄၀ကျော်၊ နယ်ခြားစောင့်တပ်ရင်း (၁၀၀၄) က တပ်ဖွဲ့ဝင် လေးဦး၊ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save The Children ဝန်ထမ်းနှစ်ဦးတို့ဟာ မိုဆိုရွာအနီးမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က မီးရှို့သတ်ဖြတ်ခံခဲ့ရတာပါ။

စစ်ကောင်စီတပ် တပ်မ (၆၆) ရဲ့ လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ IEC က ဆိုပါတယ်။

အခု ၂နှစ်ပြည့်တဲ့အချိန်အထိ ကျူးလွန်သူတွေဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်နေဆဲဖြစ်တာကြောင့် အပြစ်ပေးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ၂နှစ်ပြည့်နေ့မှာ IECက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကရင်နီပြည်မှာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း တရားမျှတမှု ရရှိအောင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

……………………………………