ထိုင်းမှ မလေးရှားသို့ တရားမဝင် ဝင်သော မြန်မာလုပ်သားကိုးဦး ဖမ်းဆီးခံရ

0
853

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ကိုးဦးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ဖမ်းမိကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်း-မလေးရှားနယ်စပ် ကဲဒက်ပြည်နယ် ဘူကစ်ကာယူဟီတန်ဒေသရှိ ရော်ဘာတောထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမားများကို ကင်းလှည့်နေသော မလေးရှားနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အသက် ၁၈ နှစ်မှ ၃၆ နှစ်အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသား ငါးဦးနှင့် အမျိုးသမီး လေးဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အားလုံးတွင် ခရီးသွား အထောက်အထားစာရွက်များ မတွေ့ရှိရကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများနှင့်အတူပါလာသော ဖုန်း ရှစ်လုံးနှင့် မလေးရှားငွေ ရင်းဂစ် ၅၀၀၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါမြန်မာနိုင်ငံသား ကိုးဦးကို ဘူကစ်ကာယူဟီတန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး လဝကဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။

တရားမဝင် ဝင်ရောက်လာမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအတွက် နယ်စပ်ဒေသကို လုံခြုံရေး တိုးမြှင့်ချထားမည်ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသည်။

ပြီးခဲ့သော ရက်ပိုင်းများအတွင်း မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် အော်ပရာဇီ စီမံချက်ဖြင့် တရားမဝင် နေထိုင်သူ နိုင်ငံခြားသား ၅၀၀ ကျော်အထိ ဖမ်းဆီးအရေးယူမှု များပြားလာနေခဲ့သဖြင့် အထောက်အထား မပြည့်စုံသော မြန်မာအလုပ်သမားများ အနေအထိုင် ဆင်ခြင်ဂရုစိုက်ကြရန် မလေးရှားရောက်မြန်မာများက သတိပေးထားသည်။

Ref: Malaysia Gazettee, TVS