မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး နတ်သံကွင်းတိုက်ပွဲတွင်ကျဆုံး

0
730
ပုံစာ - ရဲဘော်ဗြသုန်

ပဲခူးတိုင်း၊ နတ်သံကွင်းမြို့တိုက်ပွဲတွင် မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုကောင်းထက်စံ (ခ) ရဲဘော်ဗြသုန် ကျဆုံးကြောင်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံက သိရသည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သမဂ္ဂထံက သိရသည်။

ကိုကောင်းထက်စံသည် မြိတ်နည်းပညာတက္ကသိုလ်တွင် စက်မှုအင်ဂျင်နီယာဘာသာရပ်ကို သင်ယူနေဆဲ တတိယနှစ် ကျောင်းသားဖြစ်ပြီး စတုတ္ထအကြိမ် မြိတ်နည်းပညာကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ၏ ကျောင်းသားထု အခွင့်အရေးတာဝန်ခံ ဖြစ်သည်။

အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တော်လှန်ရေးဦးဆောင် ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြောင်း သမဂ္ဂထံမှ သိရသည်။

ကိုကောင်းထက်စံသည် ကေအဲန်ယူ တပ်မဟာ (၃) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ တပ်ရင်း ၉ တွင် တာဝန်ထမ်းဆောင်နေစဥ် နတ်သံကွင်းတိုက်ပွဲတွင် ကျဆုံးခြင်းဖြစ်ကြောင်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ကိုကောင်းထက်စံအပါအဝင် ကျဆုံးသွားခဲ့ရတဲ့ သမဂ္ဂကျောင်းသားရဲဘော်တွေ အများကြီးရှိတယ်။ ဒီရဲဘော်တွေရဲ့ လိုအင် ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်ရေးအတွက် ကျန်ရှိနေ သေးတဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲ ကျောင်းသားသမဂ္ဂရဲဘော်တွေက မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ ကတိပြုပါတယ်” ဟု ၎င်းက ဆိုသည်။

ကိုကောင်းထက်စံသည် နွေဦးတော်လှန်ရေးကာလအတွင်း မြိတ်နည်းပညာတက္ကသိုလ်က ပထမဆုံးကျဆုံးရသည့် ကျောင်းသားရဲဘော်တစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက် နတ်သံကွင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း ရှစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး မြို့၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားနိုင်ကြောင်း တောင်ပိုင်းတိုင်း၊ အထူးကွန်မန်ဒိုတပ်ရင်းက ယနေ့ (ဒီဇင်ဘာလ၂၇) နံနက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါနတ်သံကွင်းတိုက်ပွဲတွင် ရန်ကုန်နှင့် ပဲခူးတို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ငါးဖွဲ့ စုဖွဲ့ထားသည့် ဒေါင်းမင်းစစ်ကြောင်းက ရဲဘော်သတ္တိလည်းကျဆုံးခဲ့ကြောင်း ၎င်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ယခုနှစ် ဇူလိုင်လကလည်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦး လောင်းလုံးမြို့နယ်၊ နခံတော တိုက်ပွဲတွင် ကျဆုံးခဲ့သည်။