ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

0
1465

ယခုအပတ် ရွှေဈေးမှာ ကျရိပ်ပြခဲ့ပြီး ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။

စက်သုံးဆီဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။

ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်ရွှေဈေးမှာ ကျရိပ်ပြခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်း အတက်အကျဖြစ်ခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခုနစ်သိန်းခုနစ်သောင်း (၃,၇၇၀,၀၀၀ ကျပ်) ဝန်းကျင် ဈေးဖွင့်ထားခဲ့သည်။

ထိုင်းဘတ်ဈေးမှာ တောက်လျှောက်ငြိမ်နေပြီး အတက်အကျ နည်းနေသည်။

ထိုင်းငွေတစ်ဘတ်လျှင် ၉၇ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့ပြီး ယခုအပတ် သောကြာနေ့ ပေါက်ဈေးအရ ထိုင်းငွေ ၁၀၂၅ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်းရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာမူ တိုက်ပွဲနှင့် သယ်ယူရာလမ်းကြောင်း အခက်အခဲ၊ နိုင်ငံခြားငွေပြတ်လပ်မှု၊ ပြည်ပမှ စက်သုံးဆီဝင်ရောက်မှု မလုံလောက်ခြင်းများကြောင့် ဈေးကွက်အခြေအနေမှာ အစိုးမရဖြစ်နေသည်။

ထို့ကြောင့်လည်း ဓာတ်ဆီဈေးမှာ အတက်အကျကြမ်းနေပြီး ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၅၁၅ ကျပ်မှ ၂၆၀၀ ကျော်အထိ ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိ ဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၅၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ကျရိပ်ပြခဲ့သည့် အခေါက်ရွှေဈေးမှာ လာမည့်အပတ်တွင် ပြန်တက်လာနိုင်ခြေများနေသည်။

နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမို ပြင်းထန်လာခြင်းနှင့် နိုင်ငံစီးပွားရေးမတည်ငြိမ်မှုများအပြင် ကမ္ဘာ့ရွှေဈေး အညွှန်းကိန်းကလည်း အမြင့်ပိုင်းကို ရောက်နေသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ကမ္ဘာ့ရွှေပေါက်ဈေးအရ တစ်အောင်စလျှင် ၂၀၅၃ ဒေါ်လာပေါက်ဈေး ရှိနေသည်။ ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၀၂၀ ဒေါ်လာဈေးဖွင့်ခဲ့သည်။

ထိုအခင်းအကျင်းများကြောင့် ပြည်တွင်းရွှေဈေးမှာ တက်ရိပ်ပြလာနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့် ဆက်နွယ်နေသည့်အတွက် တက်ရိပ်ပြလာနိုင်သော်လည်း အတက်အကျနည်းနေမည့် အနေအထားရှိသည်။

ပြည်တွင်းနှင့် နယ်စပ်မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးနည်းပါးနေသည့်အတွက် အတက်ကြမ်းမည့် အနေအထားမရှိနိုင်ပေ။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ဒေါ်လာငွေလဲနှုန်းကလည်း ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းအခြေအနေနှင့် MOGE အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့ထားခြင်းနှင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်နေခြင်းကြောင့် ပြန်ကျမည့် အရိပ်အယောင် မတွေ့ရပေ။

တကျော့ပြန် ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုကြောင့် တန်းစီဝယ်ယူနေရပြီး စက်သုံးဆီ မလုံလောက်မှုဖြင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် စက်သုံးဆီဈေးမှာ ပြန်ကျမည့် အရိပ်အယောင် မတွေ့ရပေ။