တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1181

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ

ကုလမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာ စစ်ကောင်စီကိုယ်စားပြုခွင့် ဆက်လက်ဆုံးရှုံးသွားပါတယ်။

မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံကိုယ်စားပြုမယ့်သူတွေ ရွေးချယ်ရေးအဆိုကို ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံ့လိုက်တယ်လို့ ဒီဇင်ဘာလ ၁၈ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေတာပါ။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ကိုစားပြုသူအတွက် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးနဲ့ စစ်ကောင်စီတို့က အပြိုင်တင်သွင်းထားတာပါ။

ကိုယ်စားလှယ်ရွေးချယ်ရေးအဆိုကို ၂၀၂၂ မှာ ဆိုင်းငံ့ခဲ့သလို အခုလည်း ထပ်မံဆိုင်းငံ့လိုက်တာပါ။ ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂမှာ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် စစ်ကောင်စီက သံအမတ်ကြီး တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။

……………………………………

နမ့်ခမ်းနဲ့ နမ့်ဆန်ကို တအာင်းတပ်သိမ်းယူ

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းနဲ့ နမ့်ဆန်မြို့တွေကို တအာင်းတပ် TNLA က သိမ်းယူလိုက်ပါတယ်။

၃၂ ရက်ကြာတိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၁၉ရက်နေ့မှာ နမ့်ခမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာလို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေအကြိမ်ရေ ၃၆၀ကျော် တိုက်ခိုက်ခဲ့သလို ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ အကြိမ် ငါးရာနီးပါး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် အဆိပ်ငွေဗုံးခြောက်လုံး အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် များစွာသေဆုံးပြီး တအာင်းတပ်ဘက်ကလည်း ၄၉ဦး ကျဆုံးပြီးတော့ ၁၄၅ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြသည်။ ကလေးသုံးဦး အပါအဝင် အရပ်သား ၁၃ဦးသေဆုံးပြီး ၄၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။

နမ့်ဆန်မြို့ကိုလည်း စတင်တိုက်ခိုက်ပြီး ၁၀ရက်ကျော်အကြာမှာ တအာင်းတပ်က သိမ်းယူနိုင်ခဲ့ပါတယ်။ စစ်ကောင်စီ တပ်မ-၁၀၁ ၊ တပ်မမှူးအခြေချကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၁၅ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဟောင်ဝစ်ဇာအမြောက်လေးစင်းနဲ့ လက်နက်မြောက်များစွာ စံချိန်တင်သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီတပ်သား အလောင်း ၆၀ကျော်၊ စစ်ကောင်စီတပ်သား၊ ရဲနဲ့ မိသားစုဝင် ၆၀ကျော်ကိုလည်း ဖမ်းမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ရေ ၃၀ လာရောက်တိုက်ခိုက်ခဲ့သလို မန်တုံကနေ လက်နက် ကြီးနဲ့လည်း အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကာလအတွင်း အရပ်သားသုံးဦးသေဆုံးခဲ့ပါတယ်။

……………………………………

ရခိုင်တောင်ပိုင်းသို့ စစ်မီးကူးလာ

ရခိုင်မြောက်ပိုင်းမှာပဲ တိုက်ပွဲတွေပြင်းထန်နေရာကနေ ယခုသီတင်းပတ်အတွင်း တောင်ပိုင်းမှာပါ ဖြစ်ပွားလာပါတယ်။

ရမ်းဗြဲမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၁၈ရက်နေ့ နံနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် AA က ဝင်ရောက် တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် မြို့ပေါ်ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့သလို စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ရခိုင်တိုက်ပွဲကာလတစ်လျှောက်လုံးမှာ ရမ်းဗြဲမြို့မှာ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်တာလို့ ဒေသတွင်းသတင်းဌာနတချို့က ဖော်ပြပါတယ်။ တိုက်ပွဲ​ကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ ၂၁ရက်နေ့မှာလည်း ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပါတယ်။ ရခိုင်မြောက်ပိုင်းက ပေါက်တောမြို့မှာလည်း တိုက်ပွဲဟာ တစ်လကျော်ကြာပြီဖြစ်ပေမယ့် ဆက်လက်ပြင်းထန်နေဆဲပါပဲ။

ဒီဇင်ဘာလ ၂၁ ရက်က ပေါက်တောမြို့မှာ စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းဖို့လာတဲ့ စစ်သင်္ဘောသုံးစင်းကို AA က တိုက်ခိုက်တာကြောင့် တစ်စင်းထိမှန်ပြီး နောက်ပြန်လှည့်သွားတယ်လို့ AA က ဆိုပါတယ်။ ရခိုင်မြောက်ပိုင်းကမြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပါတယ်။

……………………………………

ကိုးကန့်တပ် တပ်သားသစ် အဓမ္မစုဆောင်း

ရှမ်းမြောက်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်လူငယ်တွေကို ကိုးကန့်တပ် MNDAA က တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဆိုပါတယ်။

ကိုးကန့်တပ်အနေနဲ့ အရပ်သားတွေ၊ စစ်ဘေးရှောင်တွေအပေါ် ကျူးလွန်နေတဲ့ ကြမ်းတမ်းတဲ့လုပ်ရပ်တွေကို ချက်ချင်း ရပ်သင့်တယ်လို့ HRW က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အရပ်သားတွေကို ပြန်ပေးဆွဲတာ၊ တပ်သားအဖြစ် အတင်းအကျပ်စုဆောင်းတာတွေဟာ အရပ်သားတွေအပေါ် ဆိုးဆိုးဝါးဝါး အန္တရာယ်ဖြစ်စေလို့ စစ်ပွဲဥပဒေကို ချိုးဖောက်နေတယ်လို့လည်း HRW ရဲ့ အာရှရေးရာ ဒါရိုက်တာက ပြောပါတယ်။ ပြည်တွင်း သတင်းတချို့မှာတော့ လူငယ်ထောင်နဲ့ချီကို တပ်သားသစ်အဖြစ် စုဆောင်းနေတာလို့ ဖော်ပြပါတယ်။

ဒီကိစ္စအပေါ် ကိုးကန့်တပ်ဘက်က တုံ့ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ထွက်ခွာခွင့်ပေးရာမှာ စစ်ဘေးရှောင်တွေဆီကနေ မိုဘိုင်းလ်ဖုန်းတွေကို သိမ်းယူတာ ဖမ်းဆီးထိန်းသိမ်း တပ်သားစုဆောင်းတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

……………………………………

စစ်ကောင်စီ လေယာဉ်ဆီရအောင် ကူညီနေတဲ့ကုမ္ပဏီတွေကို အရေးယူဖို့ပြော

စစ်ကောင်စီအတွက် ဂျက်လေယာဉ်ဆီ၊ အရပ်ဘက် စစ်ဘက်သုံးယာဉ်တွေအတွက် လောင်စာဆီရအောင် ကူညီပေးနေတဲ့ ကုမ္ပဏီတွေကို အရေးယူဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တောင်းဆိုထားပါတယ်။

စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကနေ ဆီဝယ်ယူဖို့အတွက် ငွေကြေးလွှဲပြောင်းဆောင်ရွက်ပေးခဲ့တဲ့ ဘဏ်တွေ၊ လောင်စာဆီသိုလှောင်ပေးတဲ့ ကုမ္ပဏီတွေ၊ ရေကြောင်းအာမခံကုမ္ပဏီတွေနဲ့ သင်္ဘောအေဂျင်စီတွေကို ဒဏ်ခတ် အရေးယူဖို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကို ဒီဇင်ဘာလ ၁၆ရက်နေ့က တောင်းဆိုထားတာပါ။

ဒီကုမ္ပဏီတွေဟာ အမေရိကန်နဲ့ ဗြိတိန်တို့က မြန်မာစစ်ကောင်စီအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားတာကို ချိုးဖောက်ပြီး စစ်ကောင်စီကို ကူညီပေးနေကြတာလို့ ဆိုပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ စစ်ကောင်စီထံ လောင်စာဆီတင်သွင်းပို့ဆောင်ပေးခဲ့တဲ့ သင်္ဘော ၁၂ စင်းကို စာရင်းနဲ့တကွတင်ဖော်ပြပြီး ဆီတင်သွင်းရာမှာ ကူညီနေတဲ့ကုမ္ပဏီတွေကို အရေးယူဒဏ်ခတ်ပေးဖို့ တောင်းဆိုထားတာပါ။

……………………………………

အပစ်ရပ်ထားတဲ့ လောက်ကိုင်မှာ သေနတ်သံတွေ ပြန်ထွက်ပေါ်လာ

တရုတ်ကြားဝင်စေ့စပ်မှုကြောင့်အပစ်ရပ်ထားတဲ့ လောက်ကိုင်မြို့မှာ သေနတ်သံတွေ ပြန်လည်ထွက်ပေါ်လာပါတယ်။

လောက်ကိုင်မြို့ကို သိမ်းဖို့ကျန်တော့တဲ့ချိန်မှာပဲ တရုတ်ကကြားဝင်ခဲ့တာပါ။ ကိုးကန့်တပ် MNDAA အပါအဝင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ လောက်ကိုင်မှာ အပစ်ရပ်သွားတာပါ။

အဲဒီနောက် ကိုးရက်အကြာ ဒီဇင်ဘာလ ၁၉ရက်နေ့မှာတော့ တိုက်ပွဲပြန်လည်ဖြစ်ပွားပါတယ်။

ဒီဇင်ဘာလ ၁၈ရက်ညနေပိုင်းမှာ ကိုးကန့်တပ်ရဲ့ ခံတပ်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ်လာရောက် ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေနဲ့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာပြီး လေးရက်ဆက် တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ဆိုပါတယ်။ လေးရက်အတွင်း တိုက်လေယာဉ်နဲ့ အကြိမ် ၅၀ နီးပါး လာရောက်ပစ်ခတ်တယ်လို့ MNDAA က ဆိုပါတယ်။

……………………………………

စစ်ကောင်စီကို အခွန်မပေးရေး မြန်မာလုပ်သားတွေဆန္ဒပြ

ပြည်ပရောက်မြန်မာအလုပ်သမားတွေဆီကနေ စစ်ကောင်စီ အခွန်ကောက်နေတာကို လက်မခံဘူးလို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။

အခွန် ၂ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ မြန်မာသံရုံးကထုတ်ပြန်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၁၇ရက်နေ့မှာ ဘန်ကောက် မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာအလုပ်သမားငါးရာဝန်းကျင် ဆန္ဒပြကြတာပါ။

အခွန်ကောက်တာဟာ အလုပ်သမားတွေကို အကျပ်အတည်း အခက်အခဲဖြစ်အောင်လုပ်တာလို့ ဆိုပါတယ်။ အခွန်ပေးဆောင်တာဟာ စစ်ကောင်စီသက်ဆိုးရှည်အောင် လုပ်တာဖြစ်လို့ လက်မခံကြောင်းလည်း ပြောဆိုထားကြပါတယ်။

အလုပ်သမားတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးရာမှာ အားနည်းပေမယ့် အခွန်ရဖို့အတွက်တော့ ဖိအားပေး ကြိုးပမ်း လုပ်ဆောင်နေတယ်လို့လည်း ဝေဖန်ထားကြပါတယ်။

……………………………………