ကော့သောင်းတွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

0
1432
Photo - ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းတွင် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ သေနတ်တစ်လက်ရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။

ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာအုပ်စု၊ ဖော့သုတ်ရွာသချိုင်းအနီး ဒီဇင်ဘာ ၈ ရက် မနေ့ ၁၀ နာရီခွဲခန့်က ခြေလျှင်စစ်ကြောင်း ထိုးလာသည့် အင်အား ၂၀ ပါစစ်ကောင်စီ ရှေ့ပြေးတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကထုတ်ပြန်ထားသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်နှင့်ဒုတပ်ကြပ်တို့ သေဆုံးကာ တပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သလို သေနတ်တစ်လက်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံရသည့် စစ်သားများမှာ ခမရ(၅၈၄)တပ်ရင်းမှ စစ်သားများဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွါခဲ့ကြောင်း သိရသည်။

“အရင်လေးငါးလခန့်ကလည်း အဲဒီနား(ဖော့သုတ်သချိုင်း)မှာ တစ်ခါဖြစ်ခဲ့ဖူးတယ်။ သူတို့(စစ်ကောင်စီ)တပ်က မသင်္ကာလို့ ရှေ့ပြေးတပ် အရင်လွှတ်ရာမှာ PDF ကကြားဖြတ်ဝင်တိုက်တာလို့ ကြားရတယ်”ဟု ဘုတ်ပြင်းဒေသခံ အမျိုးသား ကပြောသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ကို မေးမြန်းခဲ့သော်လည်း လတ်တလော ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့် လှုပ်ရှားနေသော အချိန်အခါဖြစ်သည့်အတွက် မိမိတို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း စစ်ရေးလှုပ်ရှားမှု အရှိန်မြင့်တော့မည်ဖြစ်သည်ဟု ကော့သာင်းပြည်သူ့ကာကွယ်ရေးအဖွဲက ဒီဇင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။