မဟာချိုင်‌တွင် ပွဲစားတစ်ဦးက မြန်မာလုပ်သားများထံမှ ဘတ် ၁ သန်းကျော် လိမ်လည် 

0
1318
ပုံစာ - လိမ်လည်သွားသည့် ပွဲစား

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ နာမည်ကြီး အကျိုးဆောင်အေဂျင်စီတစ်ခု၏ မြန်မာပွဲစားတစ်ဦးက မြန်မာအလုပ်သမားများထံမှ ဘတ် ၁ သန်းကျော်ကို လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။

မဟာချိုင် ဝေလ ၁၀ လမ်းရှိ import system group အေဂျင်စီတွင် လုပ်ကိုင်နေသော မြန်မာပွဲစားတစ်ဦးက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရိုက်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၈၂၀၀ မှ ၁၄၀၀၀ အထိ ကောက်ခံပြီး အဆိုပါငွေများကို ယူ၍ ထွက်ပြေးသွားကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ယင်းအေဂျင်စီသည် မြန်မာအလုပ်သမားများအား ဗီဇာ၊ work permit၊ သံရုံးထောက်ခံစာ၊ သူဌေးပြောင်း စသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာကိစ္စများကို တရားဝင် ဆောင်ရွက်ပေးနေသော အေဂျင်စီဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ယခုလိမ်သွားသူသည် အေဂျင်စီတွင်လုပ်ကိုင်နေသော ကိုရဲအမည်ရှိ တာဝန်ရှိဝန်ထမ်းတစ်ဦးဖြစ်ပြီး ပဲခူးတိုင်း ညောင်လေးပင် ဇာတိဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

အလိမ်ခံလိုက်ရသော မြန်မာအလုပ်သမား ၁၀၀ ကျော်ရှိပြီး ၎င်းတို့တွင် ဘတ် ၈၂၅၀ ပေးသွင်းပြီးသော အလုပ်သမား ၇၉ ဦးလည်း ပါဝင်နေကြောင်း Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့မှ သိရသည်။

နောက်ထပ် ဘတ် ၁၄၀၀၀ အထိ ပေးသွင်းပြီးသော မြန်မာအလုပ်သမား ၂၁ ဦးလည်း ပါဝင်နေပြီး အလိမ်ခံရသူများတွင် အခြားအဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်းများလည်း ရှိနေသဖြင့် အားလုံးစုစုပေါင်း အလိမ်ခံလိုက်ရငွေ ဘတ်သန်းချီရှိနေကြောင်း အလိမ်ခံရသော အလုပ်သမားတစ်ဦးက ဆိုသည်။

 “လုံးဝကို အဆက်အသွယ်မရတော့ဘူး။ သူ့ရုံးကလည်း တာဝန်မယူဘူးလေ။ အခုက သိန်းနဲ့သန်းနဲ့ရှိတော့ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့ ဒုက္ခရောက်သွားမှာစိုးလို့ ဘယ်လိုတာဝန်ယူပေးမလဲ မေးချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခုအချိန်တွင် ကိုရဲအမည်ရှိ မြန်မာပွဲစားသည် ငွေအားလုံးကို ရယူပြီးနောက် မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း ၎င်းကဆိုသည်။

 အလိမ်ခံသူများတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်ထားသော စာရွက် (Name List) ရရှိထားသူများရှိသကဲ့သို့ မရရှိထားသူများလည်း ရှိနေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

အဆိုပါငွေများကို ပြီးခဲ့သော‌ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အလုပ်သမားများက ပေးချေခဲ့ပြီးနောက် နှစ်ရက်အကြာ အောက်တိုဘာ ၂၅ ရက်နေ့တွင် အဆက်အသွယ်လုံးဝ ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အေဂျင်စီဘက်ကို ဖြေရှင်းပေးရန် အလုပ်သမားများက အတတ်နိုင်ဆုံး ညှိနှိုင်းပြောကြားခဲ့သော်လည်း အလိမ်ခံရသော ငွေများအတွက် တာဝန်ယူမှုမရှိဘဲ နောက်ထပ် သွေးစစ်ခနှင့် စာရွက်စာတမ်းကြေး ဘတ် ၃၀၀၀ ပြန်သွင်းပေးရန် တောင်းခံခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

အလိမ်ခံရသူများသည် တရားမဝင်လမ်းက လာရောက်ပြီး အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်ထားသူများဖြစ်ကာ အရေအတွက် ရာနှင့်ချီရှိနေသဖြင့် တစ်ဦးလျှင် ဘတ် ၃၀၀၀ ပေးသွင်းရန်မှာ မဖြစ်နိုင်ကြောင်း အလုပ်သမားများက ပြောသည်။

Name list စာရွက်မရရှိထားသူတစ်ချို့လည်း အထောက်အထားမရှိဟုဆိုကာ အဖမ်းခံရသူများလည်း ရှိခဲ့ပြီး လိမ်သွားသော ပွဲစားနှင့် နိုဝင်ဘာ ၂၇ ရက်နေ့အထိ အဆက်အသွယ် မရခဲ့ကြောင်း Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့မှ ကိုမိုက်ကယ်က ဆိုသည်။

“ကျွန်တော်က သူ့ကို လိုချင်တာ။ သူ့ကို တွေ့ပြီးတော့ သူဘယ်လိုတာဝန်ယူမလဲ။ တာဝန်မယူဘူးလား။ ပိုက်ဆံက များတယ်လေ။ တစ်ချို့ကလေးတွေ ဘာမှ မရတော့ဘူးဆို ဘယ်လိုလုပ်မလဲ။ အလုပ်သမားတွေ တအားနစ်နာသွားမှာ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ရန်အတွက် သွေးစစ်ရန် ဖွင့်လှစ်ထားပြီဖြစ်ပြီး ကျန်လုပ်ငန်းစဉ်များ အဆင့်ဆင့်ပြုလုပ်နိုင်ရန်အတွက် အေဂျင်စီနှင့်အတူ လိမ်သွားသော မြန်မာပွဲစားက တာဝန်ယူဖြေရှင်းပေးစေလိုကြောင်း ၎င်းကဆိုသည်။

ငွေလိမ်ထွက်ပြေးသွားသော ကိုရဲအမည်ရှိ မြန်မာပွဲစားဖုန်းကို ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားပြီး အေဂျင်စီကို ဆက်သွယ်ရာတွင်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

လက်ရှိတွင် မြန်မာအလုပ်သမားများထံမှ ငွေလိမ်ထွက်ပြေးသွားသောသူကို တရားစွဲဆိုထားခြင်းမရှိသေးဘဲ အတတ်နိုင်ဆုံးနှင့် အမြန်ဆုံး လာရောက်ဖြေရှင်းပေးစေလိုပြီး အကယ်၍ မဖြေရှင်းပေးပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အလုပ်သမားများနှင့် Union Brothers အလုပ်သမားအဖွဲ့က ပြောကြားထားသည်။