ကြားကာလဥပဒေကို ဘာလို့ကန့်ကွက်နေကြတာလဲ

0
1380

ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကိုတနင်္သာရီတိုင်းရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြင့် စုဖွဲ့ထားသည့် တိုင်းလွှတ်တော်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံကြိုတင် ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုလိုက်ကြောင်း ထုတ်ပြန်သည်။

ယင်းမှာတနင်္သာရီတိုင်းသားများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေမှုကို ပါတီတစ်ခုက  နိုင်ငံရေးလက်ဝါးကြီးအုပ်ရန် ကြိုးစားလာခြင်းဟု ဝေဖန်ထောက်ပြမှုများ၊ ကန့်ကွက်မှုများစွာဖြင့် တနင်္သာရီတိုင်းတွင် ဂယက်ထသွားစေသည်။

ယင်းဥပဒေ အတည်ပြုလိုက်မှုကို တိုင်းအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့များ၊ တော်လှန်ရေးအစုအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ကြသလို တိုင်းအတွင်းရှိ ကရင်တိုင်းရင်းသားအစုအဖွဲ့ အပါအဝင် အစုအဖွဲ့ပေါင်း နှစ်ဆယ်ကျော်ကလည်း ကန့်ကွက်စာ ထုတ်ခဲ့ကြသည်။

ကြားကာလဥပဒေဆိုတာ 

တိုင်းလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေတွင် တိုင်းဒေသကြီးအတွက် ဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံများ စနစ်တကျရေးဆွဲအတည်ပြုနိုင်ရေးအတွက် လိုအပ်သောပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြဋ္ဌာန်းကြောင်း ဖော်ပြထားသည်။

ကနဦးအနေဖြင့် ပုဂ္ဂိုလ် ၅ ဦးပါ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်သည်။

ထိုညှိနှိုင်းရေးအဖွဲ့က ကြားကာလအစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်ဖွဲ့စည်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများ၏ သဘောဆန္ဒကို ရယူရန်နှင့် ကော်မရှင်တွင် ပူးပေါင်းပါဝင် လာရေး လုပ်ဆောင်ရမည်ဟု ဖော်ပြထားသည်။

ကော်မရှင်မှာ ဘယ်သူတွေပါမလဲ

ယင်းကော်မရှင်ကို ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံကိုယ်စားလှယ် ၁၀ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၃ ဦး၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူထု အဖွဲ့အစည်းများ၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှု ဆိုင်ရာ အဖွဲ့အစည်း စသည့်အဖွဲ့များမှ ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၄ ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဟု ပြန်ဋ္ဌာန်းထားသည်။

ထိုကြောင့် ကြားကာလအစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်တွင် လူပုဂ္ဂိုလ် အနည်းဆုံး ၂၇ ဦးပါဝင်မည်ဖြစ်သည်။

ပါဝင်မည့် နိုင်ငံရေးပါတီအစုအဖွဲ့အပေါ်မူတည်ကာ ပါဝင်သူဦးရေ ပိုများလာနိုင်သည်။ တနင်္သာရီတိုင်းတွင် နိုင်ငံရေးပါတီ ၁၈ ခု ခန့်ရှိပြီး လက်ရှိအချိန်အထိ လှုပ်ရှားနေသည့် ပါတီမှာ NLD ပါတီတစ်ခုသာ ရှိနေသည်။

ရွေးကောက်ခံ ကိုယ်စားလှယ်များမှာလည်း NLD ပါတီဝင်များသာ ဖြစ်သဖြင့် ကော်မရှင်တွင် ယင်းပါတီက ၁၃ နေရာအထိရရှိနေသည်။

အဆိုပါကော်မရှင်က ဖက်ဒရယ်ယူနစ်ကြားကာလအစီအမံမူကြမ်းကို ရေးဆွဲ၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း ဥပဒေက ဆိုသည်။

ဘာကြောင့်ကန့်ကွက်

NLD ဗဟို၏ ထုတ်ပြန်ချက်တွင် ဒီမိုကရေစီကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာ ရေးအတွက် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရွေးကောက်ခံ ကိုယ်စားလှယ်များက ဒေသတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ဒေသတွင်း အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများကမူ ဥပဒေကြမ်း အဆင့်ကိုပင် ကြိုတင်အသိပေးခြင်း၊ ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းများ မပြုခဲ့သလို ညှိနှိုင်းရေးအဖွဲ့က အလွတ်သဘော လာရောက်တွေ့ဆုံချိန်တွင်လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြကြောင်း ဆိုကြသည်။

ကရင်တိုင်းရင်းသားများ

ကရင်တိုင်းရင်းသား အစုအဖွဲ့များနှင့် လုံးဝတွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိကြောင်း Tanawthari Karen United for Liberation and Equality က ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့မှာ တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်များမှ ကရင့်ကိုယ်စားလှယ်များဖြင့် စုပေါင်းထားခြင်း ဖြစ်ပြီး တိုင်းလွှတ်တော်က ယင်းကဲ့သို့ ဥပဒေပြဋ္ဌာန်းလိုက်ခြင်းမှာ လုံးဝလက်ခံနိုင်ဖွယ်မရှိသည့် လုပ်ရပ်အဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း ကရင်တိုင်းရင်းသားအများအပြားလည်း ဌာနေတိုင်းရင်းသားများအဖြစ် နေထိုင်ကြသည်။

မြိတ်ခရိုင်နိုင်ငံရေး အစုအဖွဲ့များ

မြိတ်ခရိုင်နိုင်ငံရေး အင်အားစု၏ ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRTH) က ဖွဲ့စည်းထားသည့် ၅ ဦးကော်မတီက ၎င်းတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကြိုတင်အသိပေးမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြိတ်ခရိုင်နိုင်ငံရေး အင်အားစုက ချမှတ်ထားသည့် မူဝါဒ လမ်းစဉ်များနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် သဘောတူခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်သည်။

ယင်းသို့ပင် ကော့သောင်းမြို့နယ် နိုင်ငံ‌ရေးအစုအဖွဲ့များကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကော့သောင်းခရိုင် နိုင်ငံရေးအင်အားစုများ

ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစုကိုလည်း CRTH က ဖွဲ့စည်းထားသည့် ၅ ဦးကော်မတီက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံရာတွင် ၅ ဦးကော်မတီက ကြားကာလဥပဒေရေးဆွဲရေးအတွက် ကော်မရှင်တစ်ခုဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးလာသည်ဟု ဆိုသည်။

သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ကြိုတင်အသိမပေးထားခြင်း၊ ပွင့်လင်းမြင်သာစွာ ချပြမှုမရှိခြင်းနှင့် ၎င်းတို့၏ မူဝါဒလမ်းစဉ်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် လက်ခံသဘောတူခြင်းမရှိကြောင်း ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစုက ဆိုသည်။

ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရန် အစုအဖွဲ့အားလုံးနှင့် တပြိုင်နက်တည်းတွေ့ဆုံပြီးဆွေးနွေးသင့်ကာ ကော်မတီတစ်ခုဖွဲ့မည်ဆိုပါက အစုအဖွဲ့တစ်ခုလျှင် ကိုယ်စားလှယ် ၅ ဦး သို့မဟုတ် အစုအဖွဲ့အားလုံးက အဆိုပြုလာသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထိုနောက် ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစုအတွင်း ပြန်လည်ဆွေးနွေးပြီး အကြောင်းပြန်မည်ဟု ဆွေးနွေးခဲ့သော်လည်း ၅ ဦးကော်မတီက သဘောထား အကြောင်းပြန်ချက်ကို ရယူခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ်ခရိုင် နိုင်ငံရေးအစုအဖွဲ့များ

ထားဝယ်ခရိုင်နိုင်ငံရေး ဦးဆောင်အဖွဲ့ကလည်း ညှိနှိုင်းရေးအဖွဲ့ လာရောက်စဉ်ကပင် ယင်းဥပဒေကြမ်းကို လက်မခံနိုင်သည့် အကြောင်းရှင်းလင်းစွာချပြထားပြီး ဖြစ်သည်ဟုဆိုသည်။

တနင်္သာရီတိုင်း တစ်ခုလုံးနှင့်သက်ဆိုင်သည့် အစီအမံများကို တစ်စု၊တစ်ဖွဲ့က လုပ်ဆောင်သည်မျိုး မဖြစ်စေလိုဘဲ အားလုံးပါဝင်သည့် အစုအဖွဲ့ကသာ လုပ်ဆောင်သည်မျိုးကိုသာ ဖော်ဆောင်ရမည်ဟု ၎င်းတို့ကဆိုသည်။

ယင်းကြောင့်လည်း လက်ရှိတွင် တနင်္သာရီတိုင်းအတွင်းရှိ ရွေးချယ်ခံ NLD ကိုယ်စားလှယ်အချို့အပါအဝင် တော်လှန်ရေးအင်အားစု အများစုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးဦးဆောင်အဖွဲ့များကို မြို့နယ်နှင့် ခရိုင်အဆင့်အထိ ဖွဲ့စည်းထားပြီး တိုင်းအဆင့်ဖွဲ့စည်းရန် ပြင်ဆင်နေကြသည်။

ယင်းမှာပါသင့်ပါထိုင်သည့် အင်အားစုများ အားလုံးပါဝင်သည့် အတိုင်ပင်ခံကောင်စီကဲ့သို့ နိုင်ငံရေးဦးဆောင်မှု အဖွဲ့တစ်ရပ် ဦးစွာပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရန်စီစဉ် နေကြခြင်းဖြစ်သည်။

တိုင်းအဆင့် စုဖွဲ့ပြီးမှသာ တနင်္သာရီ၏ ကြားကာလအစီအမံအဖြစ် နိုင်ငံရေး၊ စစ်ရေး အပါအဝင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများအား ဆောင်ရွက်မည့် ကြားကာလအစီအမံများ ချမှတ်သွားရမည်ဟု ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ ကဆိုသည်။

ယင်းသို့စုဖွဲ့လုပ်ဆောင်ရာတွင် ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များက အရေးကြီးသည့် အစုအဖွဲ့တစ်ရပ်အနေဖြင့် အခြားအစုအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုလားကြောင်း နိုင်ငံရေး အင်အားစုများကဆိုသည်။

နိုင်ငံရေး လက်ဝါးကြီး အုပ်မှုလော

တိုင်းအတွင်းရှိ အင်အားစုများက အားလုံးပါဝင်သည့် နိုင်ငံရေးဦးဆောင်အဖွဲ့ တစ်ရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေချိန်တွင် ကြားကာလစီမံမှုဥပဒေကို ကန့်ကွက်နေသည့် ကြားက အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းဥပဒေ အတည်ပြုမှုနှင့်ပတ်သက်၍ NLD ပါတီထုတ်ပြန်ချက်ပါ ရွေးကောက်ခံ ကိုယ်စားလှယ်များက ဒေသတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီ ပူးပေါင်းအကောင်အထည် ဖေါ်သည့် ကနဦး စွမ်းဆောင်ချက်ဆိုသော အသုံးအနှုန်းမှာ လက်ရှိဖြစ်နေသည့် အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

ယင်းကြောင့်လည်း အဆိုပါအသုံးအနှုန်းအပေါ် အင်အားစုများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြခြင်း ဖြစ်သည်။

ထို့အပြင်ယခုလုပ်ရပ်မှာ ပြည်သူလူထုလိုလားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ရိုးသားမှုမရှိသည့် လုပ်ရပ်အဖြစ် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ကြသည်။

လက်ရှိတွင်လည်း ၂၀၀၈ ခြေဥကို ဖျက်သိမ်းထားပြီးဖြစ်သည့်အတွက် ရွေးကောက်ခံကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်အပေါ် မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၀၈ ခြေဥအပေါ် အခြေပြုကာ ပါတီ အစုအဖွဲ့တစ်ခုခုက ပြည်နယ်ဆိုင်ရာပြဋ္ဌာန်းခွင့်ကို ကျော်လွန်ဆောင်ရွက်ခြင်းမှာ နိုင်ငံရေးလက်ဝါးကြီး အုပ်ခြင်းပင်ဖြစ်ကြောင်း တုန့်ပြန်ကြသည်။

ယင်းအခင်းအကျင်းများကြောင့် NLD ပါတီဗဟို၏ ညွှန်ကြားချက်အရ ကြားကာလအစီအမံရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာဥပဒေကို တိုင်းလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့်အပေါ်  တိုင်းအတွင်းရှိ အစုအဖွဲ့ နှစ်ဆယ်ကျော်က ပြင်းပြင်းထန်ထန် တုံ့ပြန်နေကြခြင်းဖြစ်သည်။

နိုင်ငံရေးဦးဆောင်အဖွဲ့

ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် တနင်္သာရီတိုင်းအနေဖြင့် အဖွဲ့ဝင်ပြည်နယ် သို့မဟုတ် ယူနစ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းအတွင်းရှိ အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်များပါဝင်သည့် မြို့နယ်နှင့် ခရိုင်အဆင့် နိုင်ငံရေးဦးဆောင်အဖွဲ့များကို ဖွဲ့စည်းထားကြသည်။

ထားဝယ်ခရိုင် အစုအဖွဲ့တွင် ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုလျှင် ပျမ်းမျှ ကိုယ်စားလှယ် ၆ ဦးနှုန်းအပြင် ပါသင့်ပါထိုက်သူများဖြင့် စုဖွဲ့ထားခြင်းဟုဆိုသည်။

ယင်းကာလ မတိုင်မီကတည်းကပင် မြို့နယ်အဆင့်အစုအဖွဲ့များ ဖွဲ့စည်းထားပြီး ကာကွယ်ရေးအစုအဖွဲ့ ၊ အုပ်ချုပ်ရေးအစုအဖွဲ့၊ သပိတ်ကော်မတီအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ CDM အစုအဖွဲ့၊ ထောက်ပို့အစုအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းအစုအဖွဲ့ စသည့် အစုအဖွဲ့များမှ ရွေးချယ်သည့် ကိုယ်စားလှယ်များ ပါဝင်ကြသည်။

မြိတ်နှင့် ကော့သောင်းတွင်လည်း ပြီးခဲ့သည့်နှစ်ကတည်းက နိုင်ငံရေးဦးဆောင်အဖွဲ့များ ဖွဲ့စည်းထားပြီး တိုင်းအဆင့်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေကြသည်။

ထိုခရိုင်အဆင့်အစုအဖွဲ့များတွင် မပါဝင်သေးသည့် အစုအဖွဲ့များကလည်း တိုင်းအဆင့်ဖွဲ့စည်းချိန်တွင် ပါဝင်မည်ဟု သဘောတူညီထားကြသည်။

ယင်းသို့စုဖွဲ့မှုက တနင်္သာရီတိုင်း၏ အနာဂတ်ကို တိုင်းသားများကပင် ဆုံးဖြတ်လုပ်ကိုင်မည့်  နိုင်ငံရေးဦးဆောင်အဖွဲ့  သို့မဟုတ် တိုင်းအတိုင်ပင်ခံကောင်စီကဲ့သို့  ပေါ်ပေါက်လာစေရန် ရည်ရွယ်ထားကြခြင်းဖြစ်သည်။

ထို့အပြင် ကရင့်ကိုယ်စားလှယ်များဖြင့် စုပေါင်းထားသည့် Tanawthari Karen United for Liberation and Equality အနေဖြင့် ခရိုင်အသီးသီးက နိုင်ငံရေးအင်အားစုများ၊ ဦးဆောင်အဖွဲ့များနှင့်အတူ တိုင်းအဆင့်စုဖွဲ့မှုတွင် ပါဝင်ဆွေးနွေးရန် ကနဦးသဘောတူညီထားသည်ဟု ဆိုသည်။

ယင်းကဲ့သို့ တနင်္သာရီတိုင်းသားများ၏ ကံကြမ္မာကို တိုင်းသားများကပင် ပုံဖော်ဖန်တီးရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေချိန်တွင် ယခုပြဌာန်းလိုက်သည့် ကြားကာလစီမံမှု ဥပဒေမှာ ကြိုတင်ပြောဆိုညှိနှိုင်းမှု မရှိဘဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယင်းသို့ပါတီတစ်ခု၏ လွှမ်းမိုးမှုဖြင့် ဦးဆောင်ရန် အားထုတ်လာသည့်အပေါ် လက်မခံနိုင်ကြသဖြင့် ငြင်းဆန်နေကြခြင်းဖြစ်သည်။

ယင်းသို့လုပ်ဆောင်မှုမှာ အမျိုးသားညီညွတ်ရေးအစိုးရက ကြွေးကြော်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တစ်ရပ်ကိုဖော်ဆောင်မည်ဆိုသည့်အချက်ကို သွေဖည်နေပြီး နွေဦးတော်လှန်ရေး၏ ဘုံရည်မှန်းချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း တနင်္သာရီဒေသတွင်း အစုအဖွဲ့များက မှတ်ယူနေသည်။

ယင်းကြောင့် တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH) အနေဖြင့် ထိုကဲ့သို့ လုပ်ရပ်အား ဆက်မလုပ်ရန် အင်အားစုများက တောင်းဆိုနေကြခြင်းဖြစ်သည်။

တိုင်းအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့များက ရွေးကောက်ခံကိုယ်စားလှယ်များ ဦးဆောင်မည့် တနင်္သာရီ၏ ဖယ်ဒရယ်နိုင်ငံရေး လမ်းကြောင်းကိုသွားမည့်အစား အားလုံးဦးဆောင်ပါဝင်ရေးမူကို လက်ကိုင်ထားကာ သွားလိုကြသည်။

သို့သော် ယခုကန့်ကွက်မှုများအပေါ် NLD ပါတီအနေဖြင့် နုတ်ဆိတ်နေသလို CRTH ဘက်ကလည်း ဖြေရှင်းခြင်းမရှိသေးပေ။