ထိုင်းတောင်ပိုင်းတွင် ပုလောသူတစ်ဦး ကားတိုက်ခံရပြီး အလောင်းစွန့်ပစ်ခံရ

0
1184

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တနင်္သာရီတိုင်းဒေသခံ ပုလောသူတစ်ဦး ဆိုင်ကယ်စီးလာစဉ် ကားတိုက်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ် မသီသီညို အမည်ရှိသူဖြစ်ပြီး တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် မင်းထိန်ရွာဇာတိဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ယောက်ျားဖြစ်သူနှင့်အတူ အလုပ်မှအပြန် ဆိုင်ကယ်စီးလာစဉ် ဝမ်ဖိုင်ဒေသအရောက်တွင် တိုယိုတာ ဟိုင်းလတ်ကားတစ်စီးက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ဟိုင်းလတ်ကားက အရှိန်ဖြင့် ဝင်တိုက်ခဲ့မှုကြောင့် ယောက်ျားဖြစ်သူနှင့်အတူ ဆိုင်ကယ်ပါ လွင့်ထွက်သွားခဲ့ပြီး ဇနီးဖြစ်သူက ကားအောက်ပိုင်းတွင် ငြိ၍ ကားနှင့်အတူ ပါသွားခဲ့ကြောင်း သိရသည်။

ကားသမားက ကားတိုက်မှုဖြစ်ခဲ့သော်လည်း လုံးဝ ဆင်းမကြည့်ခဲ့ဘဲ ဆက်တိုက်မောင်းပြေးခဲ့သဖြင့် ယောက်ျားဖြစ်သူနှင့် အနီးရှိ လူများက ညလုံးပေါက် လိုက်လံရှာဖွေခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

“တစ်ညလုံးရှာတယ် ကျွန်တော်တို့။ ခင်တဲ့သူတွေက ဝိုင်းပြီး လူတွေခွဲပြီးရှာတယ်။ ဘယ်လိုမှ မရဘူး။ ကျွန်တော့်မိန်းမ အသက်ဘယ်လိုထွက်သွားလဲ ကျွန်တော်မသိရဘူး။ ကိုယ်ချင်းစာကြည့်ကြည့်ပေါ့။ ကားတွေကိုလည်း နားပြီး အကူညီတောင်းသေးတယ်။ ဒီကားနောက်လိုက်ဖို့။ ဆိုင်ကယ်က မောင်းမရလို့။ ဆိုင်ကယ် မကျိုးဘူးဆိုရင် ကျွန်တော့်မိန်းမ အသက်ရှင်နိုင်သေးတယ်” ဟု သေဆုံးသူ၏ ယောက်ျားဖြစ်သူက ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင်မှ ပုလောသူ၏ အလောင်းကို ကားတိုက်မှုဖြစ်ပွား‌သော နေရာနှင့် ၅ ကီလိုမီတာ အကွာရှိ တောစပ်တစ်နေရာတွင် ပြည်သူတစ်ဦးက တွေ့ရှိခဲ့သဖြင့် ချွန်ဖော်ရဲစခန်းသို့ အကြောင်းကြားခဲ့ရာမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က ကိုနေလင်းသူက ပြောသည်။

“အလောင်းကိုက လမ်းသွားလမ်းလာ တစ်ယောက်ကတွေ့ခဲ့တာ။ တိုက်သွားတဲ့ကားရဲ့ logo လည်း ပြုတ်ကျကျန်ခဲ့တယ်” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့များက တိုက်ပြေးသွားသော ကားအမျိုးအစားကိုသာ သိရှိရသေးပြီး ကားသမား၏ အချက်အလက်များကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

သေဆုံးသွားသည့် တနင်္သာရီတိုင်းသူ၏ နာရေးကို ချွန်ဖော်မြို့ ဝပ်ခေါင်ပိုဘုန်းကြီးကျောင်းတွင် ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။