မွန်-ကရင်ဆက် ချောင်းနှစ်ခွတံတား မိုင်းခွဲခံရ

0
1204

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသည့် ချောင်းနှစ်ခွတံတား မိုင်းဖောက်ခံရပြီး တံတားပြိုကျသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ချောင်းနှစ်ခွဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၈ ရက်မြောက်နေ့ဖြစ်သော နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ချောင်းနှစ်ခွတံတားကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မိုင်းခွဲ၍ အဆက်အသွယ်ဖြတ်တောက် လိုက်ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ချောင်းနှစ်ခွတံတားသည် စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်းကြောင်းဖြစ်နေသည့်အတွက် စစ်ရေးအရ ဖောက်ခွဲဖျက်ဆီးရခြင်းဖြစ်သည်ဟု မီဒီယာများကို ပြောဆိုသည်။

ချောင်းနှစ်ခွတံတားသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်သွားလာနေသည့် တံတားများအနက် အဓိကကျသည့်တံတားတစ်စင်းဖြစ်ကြောင်း အထူးသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ပြည်သူများ အဓိက သွားလာအသုံးပြုနေရသည့် တံတားဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တံတား ပြိုကျပျက်စီးသွားသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ပြည်သူများ သွားလာရေးအတွက်  ခက်ခဲလာနိုင်ကြောင်း အခြားလမ်းကြောင်းအသုံးပြုရန်လည်း တိုက်ပွဲကြောင့် ပိတ်ထားသည့်လမ်းများလည်းရှိနေသည်ဟု ကြာအင်းဆိပ်ကြီး ဒေသခံတစ်ဦးက ပြောသည်။

“မုဒုံဘက်သွားမယ်ဆိုရင် အဓိက ချောင်းနှစ်ခွလမ်းပဲ အသုံးများတယ်။ ခလယ်-တခွန်တိုင်လမ်းလည်း သွားကြတယ်။ ခလယ်-တံခွန်တိုင်လမ်းကလည်း တိုက်ပွဲဖြစ်ပြီးတော့ မပေးဖြတ်ဘူး။ သွားလည်းမသွားရဲကြဘူး။ ချောင်းနှစ်ခွဘက်ကပဲ သွားကြတယ်။ အခု ချောင်းနှစ်ခွတံတား ပြိုသွားပြီးဆိုတော့ သွားလာရေး၊ နောက် စားနပ်ရိက္ခာ ဘာညာသယ်ဖို့ ခက်ခဲသွားပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ ချောင်းနှစ်ခွဒေသတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိနေသည့်အခြေအနေဖြစ်သည်။

တိုက်ပွဲကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ပေါလောကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျပြီး အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားခဲ့သည့်အပြင် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း မီးသွေးကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျကွဲပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲကြောင့် လူနေအိမ် ထိခိုက်ပျက်စီးတာခြင်းများလည်းရှိသည့်အပြင် ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ မရမ်းကုန်း၊ သရက်ကုန်း၊ ပေါလော အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာထဲ ပိတ်မိနေသူများလည်း ရှိနေသည်ဟု အကူအညီပေးနေသူများထံမှ သိရသည်။