CI စာအုပ်ပျောက်ဆုံးသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်

0
793
ပုံစာ - မဟာချိုင် CI စခန်းတွင် စာအုပ်ပြုလုပ်နေသော မြန်မာအလုပ်သမားများ(ပုံဟောင်း)

ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ပျောက်ဆုံးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (PJ- Passport for Job) ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးသွားသဖြင့် အခက်အခဲမဖြစ်ပေါ်ရန်နှင့် အထောက်အထားခိုင်လုံစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် (PJ) စာအုပ်ကို စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရန်အတွက် CI စာအုပ်မိတ္တူ၊ ထိုင်းရဲစခန်းမှ CI စာအုပ်ပျောက်ဆုံးကြောင်း ဘာသာပြန်ထားသော ထောက်ခံစာ၊ သံရုံးထောက်ခံစာ၊ work permit ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား (မူရင်း)နှင့် အိမ်ထောင်စုမိတ္တူများ လိုအပ်မည်ဖြစ်သည်။

အဆိုပါစာရွက်စာတမ်းများနှင့်အတူ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ သာမာန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ် ယာယီအချက်အလက်ကောက်ယူရေးစင်တာ (TDCC) ရုံးသို့ နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 CI စာအုပ်ပျောက်သူများသည် နိုင်ငံကူးလက်မှတ် (PJ) လျှောက်ထားရာတွင် ယခင်က နိုင်ငံကူးလက်မှတ် မလျှောက်ထားဖူးသူ ဖြစ်ရမည်ဖြစ်ကြောင်း မဟာချိုင် TDCC ရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

 “အခုက PJ နဲ့ PV လုံးဝ မလျှောက်ဖူးသေးတဲ့သူကို PJ လျှောက်ခွင့်ပြုတာပေါ့နော်။ တကယ်လို့ ဟိုး သုံးလေးနှစ်လောက်က PV ပဲ့ဖြစ်ဖြစ် PJ ပဲ့ဖြစ်ဖြစ် လျှောက်ထားဖူးရင်တော့ CI ကနေ PJ ပြောင်းလို့ မရဘူး။ မှတ်ပုံတင်မရှိတဲ့သူတွေကကျတော့ သူတို့က မြန်မာပြည်ပြန်ပြီး မှတ်ပုံတင်ပဲလုပ်ခိုင်းတယ်။ နိုင်ငံတကာစာအုပ်ဆိုတော့ မှတ်ပုံတင်အစစ်တော့ ပြရမယ်လို့ ပြောတယ်” ဟု ၎င်းကဆိုသည်။

 လျှောက်ထားသူများအနေဖြင့် PJ စာအုပ်ရရှိရန်အတွက် အချိန် ၃ ပတ်မှ ၄ ပတ်အထိ ကြာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 CI စာအုပ် ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ယာယီထုတ်ပေးထားသည့် အစိမ်းရောင်စာအုပ်ဖြစ်သည်။

CI စာအုပ်ကို မြန်မာအလုပ်သမားများက နိုင်ငံသားမှတ်ပုံတင် (မူရင်း) ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တရားဝင် ပြုလုပ်နိုင်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်ခွင့် ရရှိနေကြသည်။

 ယခု CI စာအုပ်ပျောက်ဆုံးသူများကို CI စာအုပ်ပြန်လည်မထုတ်ပေးဘဲ နိုင်ငံသားမှတ်ပုံတင် (မူရင်း) ရှိမှ ထုတ်ပေးမည့် နိုင်ငံကူးလက်မှတ် (PJ) ပြောင်းထုတ်ပေးခြင်းက မှတ်ပုံတင်မရှိ၊ ပျောက်ဆုံးနေသူများအတွက် အခက်အခဲများ ဖြစ်စေနိုင်ကြောင်း မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“မှတ်ပုံတင်ရှိရင် အစတည်းက PJ လုပ်ထားမှာပေါ့။ မှတ်ပုံတင်မရှိလို့ CI လုပ်ပါတယ်ဆိုမှ အခုက မူရင်းပြဆိုတော့ ဘာသွားပြပြီး လုပ်ရမလဲ” ဟု ၎င်းကဆိုသည်။

 ယခင်က CI စာအုပ်ပျောက်ဆုံးသော မြန်မာအလုပ်သမားများကို CI စာအုပ်စာအုပ်ပြန်ထုတ်ပေးမှုများသာ ရှိခဲ့သော်လည်း ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် (PJ) ထုတ်ပေးခြင်းသည် တစ်ဆင့်ကျော်၍ ထုတ်ပေးလိုက်သကဲ့သို့ ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ကိုမင်းမင်းဦးက ပြောသည်။

“အရင်တုန်းကလို လွယ်လွယ်ကူကူနဲ့ မရနိုင်တော့ဘူး။ ပြန်လုပ်တဲ့အခါ အချိန်ကြာမယ်။ ကုန်ကျစရိတ်တွေ ပိုများမယ်။ အထူးသဖြင့် နယ်ကအလုပ်သမားတွေက ပိုဒုက္ခရောက်မယ်။ မဟာချိုင်သွားလုပ်ရမယ်ဆိုတော့ အချိန်နဲ့ ငွေတော့ ပိုကုန်သွားမှာပေါ့” ဟု ကိုမင်းမင်းဦးက ဆိုသည်။

PJ စာအုပ်ပြုလုပ်ရန်အတွက် ကန့်သတ်ချက်များလာမှုကြောင့် အလုပ်သမားများအနေဖြင့် စာရွက်စာတမ်းများကို အတတ်နိုင်ဆုံး မပျောက်အောင် ထိန်းသိမ်းထားသင့်ကြောင့် ၎င်းက အကြံပြုထားသည်။