မြိတ်၊ တုံးဗျောရွာအနီး စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

0
912

မြိတ်မြို့နယ်၊တုံးဗျောကျေးရွာအုပ်စု မွှေးရှောင်ရွာတံတားတွင်  စစ်ကောင်စီတပ် မိုင်းဆွဲခံရကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။

နိုဝင်ဘာ ၁၅ ရက် ဒီကနေ့နံနက်တွင် တုံးဗျောကြီးကျေးရွာအုပ်စု၊ မွှေးရှောင်ရွာတံတားတွင် စစ်ကောင်စီ၏ ခြေလျှင်တပ် မိုင်းဆွဲခံရသည်ဟု တော်လှန်ရေးအင်အားစုများ ကပြောသည်။

“တိုက်ပွဲမဖြစ်ဘူး။ မွှေးရှောင်တံတားမှာ မိုင်းဆွဲတာ ၅ ယောက်ကြွတယ်။ ၇ ဦးဒဏ်ရာရတယ်လို့ သိထားရတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး ကပြောသည်။

မိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

မိုင်းဆွဲမှုကြောင့် ၅ ဦးသေကာ  ၇ ဦးဒဏ်ရာရကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

မိုင်းဆွဲမှုကို တောပုံးကြီးပြည်သူ့ကာကွယ်ရေးတပ်မှ လုပ်ဆောင်သည်ဟုကြားရကြောင်း ပြည်သူကာကွယ်ရေး ရဲဘော်နောက်တစ်ဦး ကဆိုသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိ  စစ်ကောင်စီတပ်သည် မနေ့ညနေက ကြေးနန်းတိုင်တံတားမှ တုံးဗျောကျေးရွာဘက်သို့ စစ်ကြောင်း တက်သွားပြီး ယနေ့နံနက်တွင် ပြန်လည်ရောက်ရှိနေပြီး တံတားကိုပိတ်ကာ ခရီးသည်ယာဥ်များကို စစ်ဆေးနေသည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ပျူစောထီးပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် မင်းကုတ်ရွာဖက်သို့ စစ်ကြောင်းထိုးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကာ ပြင်ဝန်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ်မည်စိုးရိမ်ပြီး မင်းဂုတ်ရွာနှင့်ပြင်ဝန်းရွာနေ ဒေသခံများ မြိတ်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသလို လယ်သစ်ရွာမှ ဒေသခံများသည်လည်း တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိစစ်ရေးတင်းမာနေသည့်နေရာသည် မြိတ်မြို့နယ်၊ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ် သုံးပွင်ဆိုင် နယ်နိမိတ်အစပ်နေရာတို့ဖြစ်ကြပြီး ၎င်းတို့ကြားတွင် တနင်္သာရီမြစ်မကြီးနှင့် မြစ်လက်တက်တို့ ခြားထားသည်။