အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီး ပစ်ခတ်မှုဖြစ်ပြီး ဒေသခံလေးဦးခန့် ဖမ်းဆီးခံရ

0
1388
ပုံစာ - အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် (ပုံဟောင်း)

ထားဝယ်မြို့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့(နိုဝင်ဘာ ၁၅) မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့ထံက သိရသည်။

စစ်ဆေးရေးဂိတ်နှင့် မလှမ်းမကမ်းတွင်ရှိသည့် ဇီဇဝါဝင်း စက်သုံးဆီဆိုင်အနီးတွင် ယနေ့ နံနက် ၁၀ နာရီကျော်အချိန်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ထားဝယ်မြို့ထဲတွင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များကို ရွေ့လျားပုံစံဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်ထိန်ရဲ ပူးပေါင်းအဖွဲ့တို့ စီးနင်းလိုက်ပါလာသည့်ကားကို တော်လှန်ရေးအဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“မော်တော်ပီကယ်(ယာဉ်ထိန်းရဲ)နဲ့အတူတူ ဖမ်းနေတဲ့ စစ်ကားတွေရှိတယ်လေ။ အဲဒီစစ်ကားတွေ ဒီမနက် ဇီဇဝါဆီဆိုင်ရှေ့မှာ စစ်နေတယ်လို့ပြောသံကြားတယ်။ အဲဒါကို ဟိုဘက်ခြမ်း( ပြည်သူ့ကာကွယ်ရေးအဖွဲ့) ကနေပြီး လာပစ်တယ်ဆိုပြီးပြောသံကြားရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ခန့်ကြာကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားရာအနီးရှိ လယ်ကွက်ထဲတွင် ရာသီပေါ်သီးနှံစိုက်ပျိုးနေသည့် အိမ်ရှေ့ပြင်ရွာဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံတစ်ဦးကဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင်လည်း လမ်းခဏပိတ်လိုက်‌ပြီးနောက် ယခုပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်းဆိုသည်။

မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ပြီး ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမှု မသိရသေးပေ။

ထားဝယ်အဝေးပြေးကားဝင်းတည်ရှိသည့် အိမ်ရှေ့ပြင်ရပ်ကွက်သည် ထားဝယ်မှ ရေဖြူမြို့နယ်ဘက်သို့သွားရာလမ်းဖြစ်ပြီး မြို့အဝင်တွင် စစ်ဆေးရေးဂိတ်တစ်ခုရှိသည်။