ထိုင်းတွင် ကားတိမ်းမှောက်ပြီး ရိုဟင်ဂျာ ၁၈ဦး ဒဏ်ရာအပြင်းအထန်ရ

0
1155

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများ စီးလာသောကား တိမ်းမှောက်ပြီး ၁၈ ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ချွန်ဖော်ခရိုင် ပထီးဝူဒေသ စစ်ဆေးရေးဂိတ်အလွန် လမ်းဘေးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ကားပေါ်တွင် အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာ ဆယ်ကျော်သက်များအပါအဝင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး ၁၀ဦး လိုက်ပါလာကြောင်း ဖော်ပြသည်။

ဒဏ်ရာရသူများကို ရှေးဦးကုသပေးပြီးနောက် အုပ်စုခွဲ၍ အနီးရှိ ဆေးရုံ ၄ ရုံသို့ ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများက ဆိုသည်။

အသက် ၂၀ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားသည် မြန်မာအလုပ်သမားများကို ရတ်ခ်ျဘူရီခရိုင်မှတစ်ဆင့် နခွန်စီထမရတ်ခရိုင်သို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ပို့ဆောင်ခအဖြစ် တစ်ဦးစီအတွက် ဘတ်တစ်ထောင်ရမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါရိုဟင်ဂျာများကို ချိန်းဆိုထားသည့်နေရာတွင် ပွဲစားက လာခေါ်မည်ဖြစ်သဖြင့် မည်သည့် နေရာသို့ သွားရောက်လုပ်ကိုင်မည့်ကို အတိအကျကို မသိကြောင်း ကားသမားက ပြောဆိုထားသည်။

အဆိုပါကားသည် ချွန်ဖော်-ပရကျွန်ခီရီခန် အကြားရှိ စစ်ဆေးရေးဂိတ်ကို ရောက်သောအခါ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးခဲ့ပြီး လမ်းတစ်လမ်းသို့ ကွေ့ဝင်သွားခဲ့ပြီးနောက် ကားတိမ်းမှောက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။

ဒဏ်ရာအနည်းငယ်ရရှိထားသော ထိုင်းနိုင်ငံသား ကားသမားကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး ဥပဒေအရ အရေးယူရန် အတွက် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းနေ့ ညနေ ၄ နာရီခန့်တွင်ပင် စူဖန်ဘူရီခရိုင် လမ်းမပေါ်တွင် မောင်းနှင်လာသော ကားတစ်စီးပေါ်မှ တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးနှင့် ထိုင်းနိုင်ငံသား ကားသမားတစ်ဦးလည်း ဖမ်းဆီးရမိခဲ့သေးသည်။

အသက် ၅၀ အရွယ် ထိုင်းကားသမားက မြန်မာအလုပ်သမားများကို ဥထိုင်းဌာနီခရိုင်မှ စူဖန်ဘူရီခရိုင်သို့ ဘတ် ၅၀၀၀ ဖြင့် ပို့ဆောင်ပေးစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများသည် မြဝတီမြို့မှတစ်ဆင့် တာခ့်ခရိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ပွဲစားခ ဘတ် ၁၅၀၀၀ ပေးချေထားပြီးဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ဒန်ချန်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: MGR Online, Khaosod Online, Siamrath