စစ်ကောင်စီတပ်သားနှစ်ဦး CDM လုပ်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

0
947
Photo - တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ (၅၆၁) တပ်ရင်းက တပ်သားနှစ်ဦး ထွက်ပြေးလာပြီး CDM လုပ်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၂ရက်နေ့တွင် ထုတ်ပြန်သည်။

တပ်သား ထွန်းလင်းပိုင်နှင့် တပ်သား ထက်မြတ်သူတို့သည် အောက်တိုဘာလ ၃၁ ရက်တွင် ထွက်ပြေးလာပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၂) တပ်ခွဲ (၁) ထံ ပူးပေါင်းလာကြောင်း ဖော်ပြသည်။

စစ်ကောင်စီ တပ်တွင်းဖိနှိပ်ခြင်း၊ ပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများကြောင့် အဆိုပါတပ်သားနှစ်ဦး ထွက်ပြေးကာ လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထွက်ပြေးလာသည့် ရဲဘော်နှစ်ဦးအား ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင် (အဖွဲ့) နှင့် ချိတ်ဆက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်းပြီးနောက် ထားဝယ်ခရိုင်တွင် CDM လုပ်လာသူ ရဲနှင့် စစ်ကောင်စီတပ်သား ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၃၉ ဦးနှင့် စုစုပေါင်း ၂၃၇ ဦးရှိလာကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်ကလည်း ညောင်ပင်ကွင်း ၅၆၁ တပ်ရင်းက တပ်သားတစ်ဦး လက်နက်နှင့်အတူ ထွက်ပြေးလာပြီး ၎င်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ငွေကြေးချီးမြှင့်ကာ ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။