ကျွန်းစုသို့ လည်ပတ်သူနည်းပါးသဖြင့် ခရီးသွားလုပ်ငန်းများ တွက်ခြေမကိုက်

0
791
ပုံစာ - ကျွန်းခရီးစဉ်တွင် လည်ပတ်မှုသည့် စမတ်ကျွန်း (ခေါ်) ပါပန့်ကျွန်း။(ပုံဟောင်း)

မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ကျွန်းခရီးစဉ်လည်ပတ်သူနည်းပါးသဖြင့် ခရီးသွားလုပ်ငန်းများ တွက်ခြေမကိုက်ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

ကျွန်းခရီးစဉ်တို့အား ကို‌ဗစ်ကပ်ဘေးဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၂နှစ်ကြာ လုပ်ငန်းများ ရပ်နားထားခဲ့ရသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီမှစပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခဲ့သော်လည်း အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက် မတည်ငြိမ်မှုကြောင့် လာရောက်လည်ပတ်သူနည်းပါးခဲ့ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။

“ခရီးသွားတွေက တအားကွာ (နည်း) သွားတာ။ ဆယ်ပုံ ပုံလို့ တစ်‌ပုံလောက်‌တောင် မလာကြတော့ဘူး။ တိုင်းရေးပြည်ရေး အခြေအနေတွေကြောင့်ပါ။
လမ်းပန်းဆက်သွယ်ရေးကလည်း မလုံခြုံဘူးဆိုတော့ မလာကြတော့ဘူးပေါ့” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

အလားတူ ယခုနှစ်ပွင့်လင်းရာသီတွင်လည်း ခရီးသွားသူ နည်းပါးနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတို့က ပြောဆိုသည်။

“မနှစ်ကထက် နည်းနိုင်တယ်။ ဘာကြောင့်လဲဆိုရင် တိုင်ပြည်မတည်ငြိမ်‌သေးတော့ ခရီးသွားတဲ့သူလည်း မလာနိုင် ဘူး။ နောက်တစ်ခုက တနင်္သာရီတိုင်းက မသွားလာသင့်ဘူးဆို ပြောထားတာလည်း ရှိနေတာကိုး” ဟု ခရီးသွား ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကို‌ဗစ်မတိုင်မီ ၂၀၁၉ ခုနှစ်က ကျွန်းခရီးလည်ပတ်သူဦးရေ ခုနစ်ထောင်နီးပါး (ဒေသခံ မပါ) ရှိကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့မှ သိရသည်။

သို့သော် ခရီးသွားလုပ်ငန်းများ ပြန်စသည့် ယမန်နှစ်က ခရီးသွားဦးရေ တစ်ထောင်ပင်မပြည့်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူက ဆိုသည်။

ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေးရာ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) က မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်အများစုကို မလုံခြုံသဖြင့် ခရီးမသွားကြရန် ၎င်းတို့နိုင်ငံသားများအတွက် ဇူလိုင်လ ၁၉ ရက်နေ့က သတိပေးချက်ထုတ်ထားသည်။

ယင်းသို့ ထုတ်ပြန်ရာတွင် တနင်္သာရီတိုင်းကိုလည်း မဖြစ်မနေခရီးသွားလာရန် လိုအပ်မှသာ သွားလာကြရန် သတိပေးထားသည်။

ယင်းသတိပေးချက်သည် ခရီးသွားလုပ်ငန်းများအတွက် သက်ရောက်မှုရှိနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

ခရီးသွားသူနည်းပါးလာသကဲ့သို့ တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ စရိတ်စကများ မြင့်တက်နေသည့်အတွက် တွက်ခြေမကိုက်ပဲ လုပ်ငန်းအများစု ရပ်နားထားရကြောင်း ခရီးသွားကုမ္ပဏီ၏ တာဝန်ရှိသူက ဆိုသည်။

“အခု လုပ်နေတဲ့ ခရီးသွားလုပ်ငန်းတွေက လက်ချိုးရေလို့ ရနေတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်မတိုင်မီအချိန်က ခရီးသွားလုပ်ငန်း ၄၀ ကျော်အထိ ရှိခဲ့ပြီး လက်ရှိတွင် လေး၊ ငါးခုသာ ကျန်ရှိတော့ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံ သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းခရီးစဉ်တို့တွင် ကြယ်လိပ်၊ ဘေလီ၊ စမတ်၊ ဒုံးညောင်မှိုင်း၊ ဒုံးပုလဲအော် (ဆလုံရွာ) ၊ ဒုံးရေတံခွန်နတ်သမီးရေတွင်း၊ လေးကျွန်း၊ မင်းသားကျွန်း စသည့်ခရီးစဉ်များသို့ စပိဘုတ်တို့ဖြင့် နေ့ချင်းပြန်နှင့် တစ်ညအိမ်ခရီးစဉ်တို့ဖြင့် သွားရောက်လည်ပတ်လေ့ရှိကြသည်။