စစ်ကောင်စီ ထားဝယ်သပိတ်မျှောပွဲလုပ်မည့်နေရာ တိုက်ခိုက်မခံရရန် ဂျမ်မာတပ်

0
942
ပုံစာ - ထားဝယ်ကမ်းနားလမ်း သဲဆိပ်အနီး (2020ပြည့်နှစ် ဧပြီလက ရိုက်ကူးထားသည့် ပုံအဟောင်းဖြစ်သည်)

ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပမည့် ထားဝယ်ကမ်းနားလမ်း သဲကွင်းနေရာအနီးတွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကို ကာကွယ်ရန် စစ်ကောင်စီတပ်က ဆက်သွယ်ရေးလိုင်းဖြတ်စက် (Jammer) တပ်ဆင်ထားကြောင်း မြို့ခံအချို့က ပြောသည်။

အဆိုပါနေရာအနီးရှိ တိုက်အိမ်တစ်လုံး၏ အမိုးပေါ်နှင့် အခြားနေရာတစ်ခုတို့တွင် ပြီးခဲ့သည့် လေးရက်ခန့်ကတည်းက Jammer စက် တပ်ဆင်ထားကြောင်း မြို့ခံများက ဆိုသည်။

ထိုသို့တပ်ဆင်ထားသည့်အတွက် ကမ်းနားလမ်းနှင့် အနီးအနားနေရာတဝိုက်တွင် ဖုန်းလိုင်း၊ Wifi လိုင်းများ ပြတ်တောက်ခြင်း၊ လိုင်းမကောင်းခြင်းများ ကြုံနေရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

“တစ်ခါတလေဆို ဝိုင်ဖိုင် (အင်တာနက်) တွေပါ ပြတ်ထွက်သွားတယ်။ ဖုန်းလိုင်းတွေလည်း မိတစ်ချက် မမိတစ်ချက်နဲ့ ဘာမှ ပြောလို့ကိုမရဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် သပိတ်မျှောပွဲလုပ်မည့် နေရာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကိုလည်း ကင်းချထားကြောင်း မြို့ခံအချို့က ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်က သပိတ်မျှောပွဲလုပ်မည့် ထားဝယ်ကမ်းနားလမ်း သဲဆိပ်အနီး မြောင်းပုလဲတံတားတွင် ဗုံးပေါက်ခဲ့သည်။

ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းစက ရပ်နားထားသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို စစ်ကောင်စီက ဦးဆောင်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က စစ်ကောင်စီ၏အစီအစဉ်ဖြင့် အဆိုပါနေရာတွင် သပိတ်မျှောပွဲကျင်းပခဲ့သော်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ကောင်စီနှင့် နီးစပ်သူများသာ ပါဝင်ဆင်နွှဲခဲ့သည်။

ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သီတင်းကျွတ်ကာလအတွင်း စစ်ကောင်စီက စီစဉ်ကျင်းပသည့် သပိတ်မျှောပွဲအပါအဝင် အခြားပွဲလမ်းသဘင်များတွင် ပါဝင်မဆင်နွှဲကြရန် အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်တိုက်တွန်းထားသည်။

ယင်းအပြင် စစ်ကောင်စီနှင့် ပတ်သက်သည့် အဆောက်အအုံ၊ မော်တော်ယာဉ်နှင့် စစ်ကောင်စီတပ်သားများအနီး သွားလာခြင်းမပြုရန်လည်း တိုက်တွန်းထားသည်။

စစ်ကောင်စီက နည်းလမ်းမျိုးစုံအသုံးပြုကာ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပုံရိပ်ကိုဖျက်ရန် ပြည်သူများအား အန္တရာယ်ပေးနိုင်သည့်အတွက် ပွဲလမ်းသဘင်များကို မဆင်နွှဲကြရန် ထုတ်ပြန်ချက်က ဆိုသည်။